Wednesday, June 19, 2013

ကလေးနှင့် တမူးခရိုင်ရဲမှူးနှစ်ဦးကို တာဝန်မှ ခေတ္တအနားပေး

ဟွဏ်းဘီးလ်(မြတ် )။        ။ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခို ရောင်းဝယ်မှုများတွင် ပါဝင် ပတ်သက်နေသည်ဟု ဆိုသော တိုင်ကြားစာများအရ ကလေးနှင့် တမူးခရိုင်ရဲမှူး နှစ်ဦးကို ဇွန်လ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ကာ စစ်ဆေးနေပြီး တာဝန်မှ ခေတ္တခဏ အနားပေးထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်းက ပြောကြားသည်။

"ကလေးခရိုင်မှူးနဲ့ တမူး ခရိုင်မှူးတို့ကို တာဝန်ကခေတ္တခဏ အနားပေးထား ပါတယ်။ ပြီးတော့ သူတို့ကိုစစ်နေပါတယ်" ဟု ကလေး မြို့သို့ ရောက်ရှိနေသော ရဲမှူးချုပ် ဇော်ဝင်းက ဆိုသည်။

ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်းကို ဖမ်းဆီးစစ်ဆေးနေပြီး တမူးခရိုင် တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝင်း အား အကျယ်ချုပ်ထားကာ စစ်ဆေးနေကြောင်း ရဲမှူးချုပ်ကဆိုသည်။
သို့ရာတွင် အဆိုပါခရိုင်ရဲမှူး နှစ်ဦးကို နေပြည်တော်သို့ခေါ်ဆောင် စစ်ဆေးသည် ဆိုသည်မှာ မမှန်ကန် ကြောင်းလည်း ဒုရဲချုပ်က အတည်ပြု ပြောကြားသည်။

ကလေးမြို့သို့ ၄င်းလာရောက်ရခြင်း ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါး နှင့် လက်နက်မှောင်ခိုကိစ္စတို့ ကြောင့် ဖြစ်ကြောင်း၊ ကလေးဒေသတွင် အဆိုပါကိစ္စများ မကြာခဏ ဖမ်းဆီးရမိ နေခြင်းကို စာနယ်ဇင်းများတွင် တွေ့ရကြောင်း၊ ယင်းအပြင် မိမိတို့ထံသို့ အဆိုပါကိစ္စများနှင့် ပတ်သက်၍ တိုင်စာများ ရောက်လာကြောင်း၊ အထူးသဖြင့် နာမည် နှင့် အတိ အကျတိုင်ကြကြောင်း၊ မိမိတို့၏ဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်အချို့တို့ ပါဝင်ပတ်သက်နေသည်ဟု တိုင်စာများအရ သိရကြောင်း၊ ရဲဆိုသည်မှာ မူးယစ်ဆေးဝါး ကိစ္စများနှင့် ဥပဒေမဲ့ ကိစ္စများကို နှိမ်နင်း ရမည့်အစား အဆိုပါကိစ္စများတွင် ပါဝင် ပတ်သက်နေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ၄င်းတို့သည် ဘက်ပြောင်းသွားသည့် သူများဖြစ်ကြောင်း၊ ၄င်းတို့အားအရေးယူရန် အတွက် ကလေး မြို့သို့ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

"တချို့ရွာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲနေတာဟာ တော်တော့်ကို မြင့်မြင့်မားမား သုံးစွဲနေတာ။ မူးယစ်ဆေးဝါးတွေကို ထိထိရောက်ရောက် နှိမ်နင်းစေချင်တယ်လို့ ပြောတယ်။ ဒီလိုဆို သတင်းမပေးကြဘူး လားလို့မေးမယ်ဆို ပြည်သူတွေက ရဲကိုမယုံလို့ သတင်းမပေးချင် ကြပါဘူးလို့ ဒုရဲချုပ်ကို ကျွန်တော်ပြောခဲ့တယ်။ ဘာလို့လဲဆို သတင်းပေးလိုက်ရင် ဒီဟာကိုအရေး မယူဘဲနဲ့ ဒီဟာကပျောက်ပျက် သွားတော့တာ။ ဒီသတင်းတွေက ပျောက်သွားတဲ့ အတွက် ရဲကိုမပေးရဲပါဘူး လို့ ကျွန်တော် တို့ကိုပြောပါတယ်" ဟု ကလေးမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်က ပြောဆိုသည်။

ခရိုင်ရဲမှူးနှစ်ဦးကို စစ်ဆေး၍ အမှု ပေါ်ပေါက်လျှင် ပြစ်မှုဆိုင်ရာဥပဒေ များအရ အရေးယူသွားမည် ဖြစ်ကြောင်း၊ သက်သေ မထင်ရှား၍ မပေါ်ပေါက်၊ အရေးယူမခံရ သည့်တိုင်အောင် ရဲဥပဒေ၊ ရဲစည်းကမ်း များအရ အရေးယူရမည် ဖြစ်ကြောင်း ဒုရဲချုပ်က ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲချုပ်ဦးဆောင်သော အဖွဲ့သည် ကလေးမြို့သို့ ဇွန်လ ၁၅ ရက်နေ့က ရောက်ရှိလာပြီး ကလေးမြို့ အဝင်အထွက် လေးဖက်လေးတန် ပိတ်ဆို့ကာ မော်တော်ယာဉ်များကို စစ်ဆေး ခဲ့ပြီး လိုင်စင်မဲ့မော်တော်ယာဉ် ၂၄ စီးအား ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးဒုတိယရဲမှူး အေးခိုင်က ပြောသည်။

ဒုရဲချုပ် ဦးဆောင်သောအဖွဲ့ နေပြည်တော်မှ ဆင်းလာသည့်အတွက် ကလေး၊ တမူးတွင် မည်သည့်ကိစ္စများ ဆောင်ရွက်သွားမည်ကို စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှုရုံးအနေဖြင့် သိရှိခြင်း မရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကလည်း ကလေးဝမြို့နယ်တွင် တမူးခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲတပ်ကြပ်ကြီး မောင်းနှင်သော မြန်မာ နိုင်ငံရဲတံဆိပ်ပါ ကားတစ်စီးပေါ်မှ တရား မဝင်အကောက်ခွန်မဲ့၊ လိုင်စင်မဲ့အိမ်သုံး ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ကလေးဝမြို့နယ် အကောက်ခွန်ဦးစီးဌာန ထံမှ သိရသည်။ Ref: The Voice Weekly

ဒေါ်စုနှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး

ဟွဏ်းဘီးလ်။        ။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီမှ ခေါင်းဆောင်များ တွေ့ဆုံပြီး ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအပါအဝင် အချက်လေးချက်ဆွေးနွေးခဲ့သည်ဟု ၎င်းဆွေးနွေးပွဲတွင်ပါဝင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က မီဒီယာများကို ပြောသည်။

၎င်းတို့သည် ဇွန်လ ၁၈ ရက်က ဒေါ်စု နေအိမ်တွင် တွေ့ဆုံကြခြင်းဖြစ်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အ ခြေခဥံ ပဒေ ပြင်ဆင်နိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု အရေး၊ ပီအာ(အချိုးကျ ကိုယ်စားပြု) စနစ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံးရန်မသင့်ကြောင်းနှင့် တရားဥပ ဒေစိုးမိုးရေးတို့ကို လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပများတွင် ဆက်လက်ညှိနှိုင်းဆောင်ရွက် သွားရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ဦးအေးသာအောင် က ပြောသည်။

၎င်းက ''အခြေခံဥပဒေကိုပြင်တဲ့အပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတာကတော့ လောလောဆယ် ပြင်ရမှာက ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမှာ တစ်ပိုဒ် နဲ့တစ်ပိုဒ် အဆီအငေါ်မတည့်တဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတဲ့ အပိုဒ်မျိုးတွေကို အရင်ပြင်ရမယ် ဆိုတဲ့အပိုင်းနဲ့ လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါနေတာကိုတော့ တဖြည်းဖြည်းချင်း ပြင်ရမယ့်အပိုင်းတွေ ပြောပါတယ်'' ဟု ဆိုသည်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာရေးအဖွဲ့ ဖွဲ့စည်းထားပြီး ထိုအဖွဲ့မှတစ်ဆင့် ပြင်ဆင်ရေးများ ဆောင်ရွက်သွားမည်ဟုလည်း ယင်းဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြောင်း ဦးအေးသာအောင် က ပြောသည်။

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍လည်းဆွေးနွေးခဲ့ပြီး ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်များအနက် အုပ်ချုပ်ရေးမဏ္ဍိုင်ကို အာဏာအများ ဆုံးပေးထားမှုအားပြင်ဆင်ရန်နှင့် တရားစီရင်ရေး ကိစ္စတွင် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ဝင်ရောက်ပတ်သက်မှုများကို ပြင်ဆင်ရန်တို့ကိုဆွေးနွေး ခဲ့သည်ဟုလည်း သိရသည်။

ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူ ဇိုမီးနေရှင်နယ်ကွန်ရက်မှ ဦးဂျင်ကျင်းထန်က ''လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့ အခြေခံဥပဒေ လေ့လာရေးအဖွဲ့ တွေကတစ်ဆင့် ပြင်ဆင်ဖို့ပြောပါတယ်၊ ပြည်သူ့ဆန္ဒလည်း လိုမှာပါ။

ဒီနေ့ ဒေါ်အောင်ဆန်း စုကြည် ပြောတာတွေကို လက်ခံပါတယ်။ ဒီလိုမှမလုပ်ရင်တိုင်းပြည်က နာနေပြီလေ'' ဟု ပြောသည်။ ၎င်းတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ
ခေါင်းဆောင်များဖြစ်သော ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ဦးစိုင်းညွန့်လွင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဦးထွန်းညို၊ မွန်အမျိုးသား ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်း၊ ဇိုမီးနေရှင်နယ် ကွန်ကရက်ဥက္ကဋ္ဌ ဦးဂျင်ကျင်းထန်၊ ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ဂယက် (KNCD) ဥက္ကဋ္ဌ ဦးစောအောင်စီတို့ ပါဝင်ပြီး ၎င်းတို့ နှစ်နာရီကြာ တွေ့ဆုံခဲ့သည်။ Ref: Mizzima

ချင်းလူငယ် ခုပ်ပီး မှ “လူပဲအတူပဲ” တေးစီးရီးထုတ်

ဟွဏ်းဘီးလ်။        ။ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ Tui Mui ရွာတွင် မွေးဖွားနေထိုင်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ရန်ကုန်၌ စိတ်ပညာဖြင့် ဘွဲ့ရရှိခဲ့သော တေးသံရှင် ခုပ်ပီး (ခ) Thang Sian Sawm Khup ၏ တေးစီးရီးဖြစ်သော “လူပဲ အတူပဲ” မှာ လာမည့် ဇူလိုင်လအတွင်းတွင် ထွက်ရှိတော့မည်ဖြစ်သည်။

တေးသံရှင် ခုပ်ပီး (Khuppi) မှ “ ကျနော် ဒီအခွေကို စလုပ်တာ ၂၀၀၉ ကတည်းကပါ၊ နောက် ကျနော်တို့ Band တခုလုပ်ဖို့ စိတ်ကူးပေါ်လာပြီး ၂၀၁၀ မှာ အတီးသမားတွေကို စုပါတယ်။ သူတို့နဲ့ တိုင်ပင်တယ်။ သီချင်းတွေပြကြည့်တော့ Album တကယ်လုပ်ဖို့ အားလုံးက သဘောတူခဲ့ကြတယ်။ ဒါနဲ့ ကျနော့်ညီလေးနဲ့ တိုင်ပင်ပြီး DORON ဆိုတဲ့နာမည်ကို ရွေးချယ်လိုက်ပါတယ်” ဟု Chin World သို့ပြောသည်။

Gift or Talent ဟု အဓိပါယ်ရသော DORON Band အဖွဲ့တွင်- အတီးသမားများအဖြစ် Akam (Guitar)၊ Tuangpi @ Dozo (Bass)၊ Mungpi (Keyboard)၊ Waiphyo (Drum) တို့ဖြင့် ဖွဲ့စည်းထားသည်။ ထပ်မံဖြည့်စွက်သော သီချင်းများတွင် Bassit သမား ခရီးလွန်နေသည့်အတွက် AVan (Bass) မှ တီးခတ်ပေးသည်ဟုလည်း သိရသည်။



တေးသီချင်းများသည် Modern Rock, Metal, Slow, Hard Rock အစရှိသည့် သီချင်းအမျိုးအစားများပါဝင်ပြီး PTL Studio တွင် ၂၀၁၀ ခုနှစ်မှ စတင်အသံသွင်းယူခဲ့ကာ၊ (၃) နှစ်ကျော် ပြုလုပ်ထားသော တေးစီးရီးဖြစ်သည်ဟု ခုပ်ပီးမှ ပြောသည်။

တေးရေးများအဖြစ် Saw Bwa၊ F. Tharnge၊ KNO၊ Mungpi၊ ZT၊ Tungpu၊ Marcus၊ KT Pau တို့ (၈) ဦးမှ ရေးသားထားပြီး၊ တေးသီချင်းစုစုပေါင်း (၁၂) ပုဒ်ပါဝင်သည်ဟု သိရသည်။ Ref: Chin World Media

မြန်မာနိုင်ငံပြင်ပတွင် ၀ယ်ယူလိုသူများအတွက် နော်ဝေးနိုင်ငံတွင် Sui Lian (4741004199)၊ သြစတေးလျနိုင်ငံအတွက် Van Chan (+61 424-253-088) တို့တွင်လည်း ၀ယ်ယူနိုင်မည် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူများအတွက်လည်း Maryland ပြည်နယ်တွင် Mr. Cung Mi Mang (Ph: +1 240-357-4500)၊ Mr. Sang Seu Mang (Ph: +1 240-409-1440)၊ Dallas City အတွက် Salai Mahnem (Ph: +1 469-554-2745)၊ Iowa ပြည်နယ်အတွက် Bro. Gen (Ph: 515-422-0182)၊ New York ပြည်နယ်အတွက် David Khai (+1-315-278-4779, +1-315-450-6091)တွင်လည်း ၀ယ်ယူနိုင်မည်ဟု သိရသည်။

 

Tuesday, June 18, 2013

မူးယစ်နှင့် လက်နက်များကြောင့် လိုင်စင်မဲ့ကားများ ဖမ်းဆီး

ဟွဏ်းဘီးလ် (ကျော်သူစိုး)။        ။ ကလေးမြို့တွင် လိုင်စင်မဲ့ကားများကို ရဲတပ်ဖွဲ့အင်အား အလုံးအရင်းဖြင့် ဖမ်းဆီးနေခြင်းမှာ မူးယစ်ဆေးဝါးနှင့် လက်နက်များ သယ်ဆောင်နေသည်ဆိုသည့် သတင်းကြောင့်ဖြစ်ကြောင်း နေပြည်တော်မှ ရောက်ရှိလာသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယ ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်းက ပြောကြားသည်။

“ အမျိုးသားရေးရန်သူဖြစ်တဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်တိုက်ဖျက်ရေးအတွက် ကလေးမြို့ကို လာကြတာပါ။ မူးယစ်ဆေးတွေ၊ လက်နက်တွေကို လိုင်စင်မဲ့ကားတွေနဲ့ သယ်ကြတယ်လို့သိရပါတယ်။ တားဆီးစစ်ဆေးတဲ့အခါ ကားကိုထားပြီး လူလွှတ်ရုန်းပြေးတယ်။ ကားက လိုင်စင်မဲ့ ဆိုတော့ လူကိုမဖမ်းနိုင်တော့ဘူး။ ပြီးတော့ ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်တဲ့အခါလည်း ကားကိုထားပြီး ထွက်ပြေးတာတွေရှိတယ်လို့ ကြားရတဲ့အတွက် အခုလို လာရောက် စစ်ဆေးဖမ်းဆီးနေရတာပါ” ဟု ရဲမှူးချုပ် ဇော်ဝင်းက မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

ဒုတိယရဲချုပ် ရဲမှူးချုပ် ဇော်ဝင်းနှင့် အဖွဲ့ဝင်(၄၀)ခန့်သည် ပြီးခဲ့သည့် စနေနေ့က နေပြည်တော်မှ ကလေးမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာပြီး ကလေးမြို့၏ ကားများကိုစစ်ဆေးကာ လိုင်စင်မဲ့ကားဖြစ်ပါက မြို့နယ်ရဲစခန်းသို့ချက်ချင်းမောင်းသွင်းပြီး ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ(၈)ဖြင့် ဖမ်းဆီးအရေးယူနေကြောင်း၊ ယာဉ်မောင်းများကို အာမခံဖြင့်ပြန်လွှတ်ပေးထားကြောင်း သိရသည်။

ဇွန်(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ လိုင်စင်မဲ့ကား(၂၅)စီးကို ဖမ်းဆီးထားကြောင်း၊ အဆိုပါ ဖမ်းဆီးထားသည့် ကားများထဲတွင် ကလေးမြို့စက်မှုဇုံထုတ် မောင်မြန်မာစူပါဂျစ်ကား(၈)စီး ပါဝင်နေကြောင်း ကလေးမြို့နယ် ရဲစခန်းမှ သိရသည်။

“ ဥပဒေအရ ဖမ်းမယ်ဆိုရင်လည်း တစ်နိုင်ငံလုံးမှာရှိတဲ့ လိုင်စင်မဲ့ကားအားလုံးကို ဖမ်းရမှာပေါ့။ တရားဥပဒေက ပေါက္ခရ၀ဿမိုးလိုကွက်ပြီး စိုးမိုးတာလား။ လိုင်စင်မဲ့ကားတွေဟာ မြေလျှိုးမိုးပျံပြီး ကလေးမြို့ကို ရောက်လာတာမဟုတ်ဘူး။ တရုတ်ပြည်က၀င်တဲ့ကားဆို ကလေးမြို့ကို မိုင်ထောင်ချီခရီးဖြတ်သန်းပြီး ရောက်လာတာ။ ဌာနဆိုင်ရာများစွာ၊ ဂိတ်ပေါင်းများစွာကို ဖြတ်လာရတာပဲ။ လာဘ်ပေးလာဘ်ယူပြီး တင်သွင်းဖြတ်သန်းသွားလာခွင့် ပြုခဲ့တဲ့ဌာနဆိုင်ရာတွေအားလုံးကိုပါ အရေးယူပစ်မှ တရားမျှတမှာပေါ့။
ကလေးမြို့က လိုင်စင်မဲ့ကားတိုင်း မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုရောင်းလို့ရတဲ့ငွေနဲ့ ၀ယ်ထားတာ မဟုတ်ဘူး။ အဲဒီလို မူးယစ်ဆေးဝါးတို့ လက်နက်တို့နဲ့ ကြီးပွားတဲ့လူဆိုတာလည်း သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေကို ပေးကမ်းပေါင်းစားပြီး လိုင်စင်ရှိကားဝယ်စီးနိုင်တဲ့ လူနည်းစုပဲရှိမယ်။ အခုဖမ်းမိတဲ့ကားတွေထဲမှာ တောင်သူတွေရဲ့ကားအချို့ပါတယ်။ ရိုးရိုးသားသား တောင်သူလုပ်စားပြီး မိုးကောင်းလို့ သီးနှံလေးအထွက် ကောင်းတဲ့နှစ်လေးမှာ ဈေးသက်သာလို့ ကားလေးဝယ်စီးပါတယ် Without(လိုင်စင်မဲ့) ကားဆိုပြီးဖမ်းတော့ မြို့ပြည်သူတွေနစ်နာတယ်" ဟု ကလေးမြို့ခံတစ်ဦးက ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်က ကလေးမြို့တွင် မှောင်ခိုပစ္စည်း ဖမ်းဆီးခြင်းနှင့် ပတ်သတ်၍ ကလေးမြို့ရှိ ပြည်သူများ အထိနာမည်ကို စိုးရိမ်ကြောင်း ပြောကြားသည်။

“၁၉၈၅-၈၆ ခုနှစ်တုန်းကလို ဖြစ်မှာစိုးပါတယ်။ အဲဒီတုန်းကလည်း တိုင်းကောင်စီဥက္ကဌ ဗိုလ်မှူးကြီးသူရကျော်စွာနဲ့ တိုင်းရဲတပ်ဖွဲ့ဝင်တွေလာပြီး ကလေးမြို့မှာ မှောင်ခိုပစ္စည်းတွေရောင်းတယ်ဆိုပြီး ကလေးမြို့ဈေးကြီးတစ်ခုလုံးကို ၀င်စီးပြီးဖမ်းခဲ့တယ်။ မြို့ထဲဈေးဆိုင်တွေကိုလည်း ချည်ထုတ်လေးတွေ၊ အိန္ဒိယ ပလေကပ်ပုဆိုးလေးတွေကစဖမ်းခဲ့လို့ ကလေးမြို့ပြည်သူတွေ ဘ၀ပျက်အထိနာခဲ့ဖူးပါတယ်။  ကလေးတစ်မြို့တည်းမှာပဲ မှောင်ခိုပစ္စည်းဆိုတာရှိသလား၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်နှင့် အခြားမြို့တွေမှာရော မရှိဘူးလားဆိုပြီး ပြည်သူတွေရဲ့ အမေးနှင့် ခံစားချက်တွေကို တာဝန်ရှိသူတွေက လျစ်လျူရှုပြီး လုပ်ခဲ့ကြပါတယ်။ အဲဒီလိုအဖြစ်မျိုး ကလေးမြို့မှာ နောက်တစ်ကြိမ် ဖြစ်လာမှာစိုးပါတယ်” ဟု ဦးတင်လှိုင်က ပြောကြားသည်။

ကလေးမြို့၊ ရပ်ကွက်အတွင်းရှိ ကားများကို အားကစားကွင်းတွင် လိုင်စစ်ရှိ၊ မရှိ လာရောက် အစစ်ဆေးခံကြရန် နိုးဆော်ရမည်ဖြစ်ကြောင်း၊ လိုင်စင်မရှိ၊ လိုင်စင်မစစ်သည့်ကားများကို တစ်ခါတည်း သိမ်းမည်ဖြစ်ကြောင်း၊ လိုင်စင်အသစ်လုပ်ပေးရန် အစီအစဉ်မရှိကြောင်းတို့ကို က.ည.န ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောဆိုခဲ့သည်ဟု ဒုရဲချုပ်အပါအ၀င် တာဝန်ရှိသူများ အစည်းအဝေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး က ပြောကြားသည်။

မလေးရှားရှိ တရားမဝင်မြန်မာလုပ်သား အားလုံး တရားဝင် အထောက်အထား ထုတ်ပေးမည်

ဟွဏ်းဘီးလ်။        ။ အကြမ်းဖက်မှုများကြောင့် လူသေဆုံး သည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှား နိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား နှစ်သိန်းခန့် ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အထောက် အထားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာ လုပ်သားများကို တရားဝင်အထောက်အထား ထုတ်ပေးသည့် ပုံစံမျိုးအတိုင်း မလေးရှား နိုင်ငံရောက် မြန်မာအလုပ်သမားများကို နှစ်နိုင်ငံ အစိုးရညှိနှိုင်းကာ တရားဝင် အထောက်အထား ရရှိအောင် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီက လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

"သံရုံးမှာ ဝန်ထမ်းအင်အားက နည်းနေတယ်။ လုပ်နေရတဲ့ လုပ်ငန်းစဉ်က များတယ်။ ဝန်ထမ်းအင်အား တိုးဖို့ လိုတယ်"ဟု အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း တရားဝင်အထောက် အထားမရှိသဖြင့် မြန်မာအလုပ်သမား ၁၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ယင်းတို့အနက် အလုပ်သမား ၃၀၇ ဦးမှာ အထောက်အထား မရှိသဖြင့် ဆက်လက်ဖမ်းဆီးခံ ထားရဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံမှ ဇွန်လ ၁၅ရက်နှင့် ၁၆ရက် နေ့တို့တွင် ပြန်လာသူစုစုပေါင်း ၄၅၉ ဦး ရောက်ရှိလာပြီး ၄င်းတို့မှာအကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူများ မဟုတ်ကြောင်း၊ အကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူ ၂၅ဦးမှာ ဇွန်လ ၁၇ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ နောက်ထပ်ပြန်လာရန် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးတွင် တရားဝင် အထောက်အထား(Certificate of Identity) ပြုလုပ်နေသူ ၁၄၀ ဦးရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ထံမှ သိရှိရသည်။ Ref: The Voice Weekly