Wednesday, June 19, 2013

ကလေးနှင့် တမူးခရိုင်ရဲမှူးနှစ်ဦးကို တာဝန်မှ ခေတ္တအနားပေး

ဟွဏ်းဘီးလ်(မြတ် )။        ။ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခို ရောင်းဝယ်မှုများတွင် ပါဝင် ပတ်သက်နေသည်ဟု ဆိုသော တိုင်ကြားစာများအရ ကလေးနှင့် တမူးခရိုင်ရဲမှူး နှစ်ဦးကို ဇွန်လ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ကာ စစ်ဆေးနေပြီး တာဝန်မှ ခေတ္တခဏ အနားပေးထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်းက ပြောကြားသည်။

"ကလေးခရိုင်မှူးနဲ့ တမူး ခရိုင်မှူးတို့ကို တာဝန်ကခေတ္တခဏ အနားပေးထား ပါတယ်။ ပြီးတော့ သူတို့ကိုစစ်နေပါတယ်" ဟု ကလေး မြို့သို့ ရောက်ရှိနေသော ရဲမှူးချုပ် ဇော်ဝင်းက ဆိုသည်။

ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်းကို ဖမ်းဆီးစစ်ဆေးနေပြီး တမူးခရိုင် တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝင်း အား အကျယ်ချုပ်ထားကာ စစ်ဆေးနေကြောင်း ရဲမှူးချုပ်ကဆိုသည်။
သို့ရာတွင် အဆိုပါခရိုင်ရဲမှူး နှစ်ဦးကို နေပြည်တော်သို့ခေါ်ဆောင် စစ်ဆေးသည် ဆိုသည်မှာ မမှန်ကန် ကြောင်းလည်း ဒုရဲချုပ်က အတည်ပြု ပြောကြားသည်။

ကလေးမြို့သို့ ၄င်းလာရောက်ရခြင်း ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါး နှင့် လက်နက်မှောင်ခိုကိစ္စတို့ ကြောင့် ဖြစ်ကြောင်း၊ ကလေးဒေသတွင် အဆိုပါကိစ္စများ မကြာခဏ ဖမ်းဆီးရမိ နေခြင်းကို စာနယ်ဇင်းများတွင် တွေ့ရကြောင်း၊ ယင်းအပြင် မိမိတို့ထံသို့ အဆိုပါကိစ္စများနှင့် ပတ်သက်၍ တိုင်စာများ ရောက်လာကြောင်း၊ အထူးသဖြင့် နာမည် နှင့် အတိ အကျတိုင်ကြကြောင်း၊ မိမိတို့၏ဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်အချို့တို့ ပါဝင်ပတ်သက်နေသည်ဟု တိုင်စာများအရ သိရကြောင်း၊ ရဲဆိုသည်မှာ မူးယစ်ဆေးဝါး ကိစ္စများနှင့် ဥပဒေမဲ့ ကိစ္စများကို နှိမ်နင်း ရမည့်အစား အဆိုပါကိစ္စများတွင် ပါဝင် ပတ်သက်နေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ၄င်းတို့သည် ဘက်ပြောင်းသွားသည့် သူများဖြစ်ကြောင်း၊ ၄င်းတို့အားအရေးယူရန် အတွက် ကလေး မြို့သို့ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

"တချို့ရွာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲနေတာဟာ တော်တော့်ကို မြင့်မြင့်မားမား သုံးစွဲနေတာ။ မူးယစ်ဆေးဝါးတွေကို ထိထိရောက်ရောက် နှိမ်နင်းစေချင်တယ်လို့ ပြောတယ်။ ဒီလိုဆို သတင်းမပေးကြဘူး လားလို့မေးမယ်ဆို ပြည်သူတွေက ရဲကိုမယုံလို့ သတင်းမပေးချင် ကြပါဘူးလို့ ဒုရဲချုပ်ကို ကျွန်တော်ပြောခဲ့တယ်။ ဘာလို့လဲဆို သတင်းပေးလိုက်ရင် ဒီဟာကိုအရေး မယူဘဲနဲ့ ဒီဟာကပျောက်ပျက် သွားတော့တာ။ ဒီသတင်းတွေက ပျောက်သွားတဲ့ အတွက် ရဲကိုမပေးရဲပါဘူး လို့ ကျွန်တော် တို့ကိုပြောပါတယ်" ဟု ကလေးမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်က ပြောဆိုသည်။

ခရိုင်ရဲမှူးနှစ်ဦးကို စစ်ဆေး၍ အမှု ပေါ်ပေါက်လျှင် ပြစ်မှုဆိုင်ရာဥပဒေ များအရ အရေးယူသွားမည် ဖြစ်ကြောင်း၊ သက်သေ မထင်ရှား၍ မပေါ်ပေါက်၊ အရေးယူမခံရ သည့်တိုင်အောင် ရဲဥပဒေ၊ ရဲစည်းကမ်း များအရ အရေးယူရမည် ဖြစ်ကြောင်း ဒုရဲချုပ်က ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲချုပ်ဦးဆောင်သော အဖွဲ့သည် ကလေးမြို့သို့ ဇွန်လ ၁၅ ရက်နေ့က ရောက်ရှိလာပြီး ကလေးမြို့ အဝင်အထွက် လေးဖက်လေးတန် ပိတ်ဆို့ကာ မော်တော်ယာဉ်များကို စစ်ဆေး ခဲ့ပြီး လိုင်စင်မဲ့မော်တော်ယာဉ် ၂၄ စီးအား ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးဒုတိယရဲမှူး အေးခိုင်က ပြောသည်။

ဒုရဲချုပ် ဦးဆောင်သောအဖွဲ့ နေပြည်တော်မှ ဆင်းလာသည့်အတွက် ကလေး၊ တမူးတွင် မည်သည့်ကိစ္စများ ဆောင်ရွက်သွားမည်ကို စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှုရုံးအနေဖြင့် သိရှိခြင်း မရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကလည်း ကလေးဝမြို့နယ်တွင် တမူးခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲတပ်ကြပ်ကြီး မောင်းနှင်သော မြန်မာ နိုင်ငံရဲတံဆိပ်ပါ ကားတစ်စီးပေါ်မှ တရား မဝင်အကောက်ခွန်မဲ့၊ လိုင်စင်မဲ့အိမ်သုံး ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ကလေးဝမြို့နယ် အကောက်ခွန်ဦးစီးဌာန ထံမှ သိရသည်။ Ref: The Voice Weekly

0 comments:

Post a Comment