Tuesday, June 18, 2013

ကလေးတွင် နှစ်ရက်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် ၂၄ စီး ဖမ်းမိ

ဟွဏ်းဘီးလ်။        ။  စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ နှစ်ရက်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၂၄ စီး ဖမ်းဆီး ရမိခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုတိယ ရဲမှူးအေးခိုင်က အတည်ပြု ပြောကြားသည်။

ကလေး-တမူးလမ်း၊ ကလေး-ကလေးဝလမ်းနှင့် ကလေးမြို့နယ် အတွင်း မောင်းနှင်နေသော ယာဉ်များကို ရပ်တန့် စစ်ဆေးခဲ့ရာမှ ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၅ ရက်နေ့တွင် ၂၃ စီး နှင့် ဇွန်လ ၁၆ ရက်နေ့တွင် တစ်စီး ဖမ်းဆီး ရမိခဲ့ပြီး Mark II၊ Super Custom၊ ပါဂျဲရိုး၊CRV ကား အမျိုးအစားများ ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

"တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိုင်စင်မဲ့ ကားတွေ ဝင်နေတယ်လို့ ပြောလို့ နာမည်ကြီးတဲ့ မြို့တွေကို အကုန် ဖမ်းဆီးသွားမယ်လို့ သိရတယ်" ဟု ကလေးမြို့ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောကြားသည်။

ကလေးမြို့နယ်အတွင်း ၂၀၁၃ ခုနှစ် ဆန်းပိုင်းမှ စတင်ကာ တရုတ်နယ်စပ် ဘက်မှ တရားမဝင် တင်သွင်းလာသော လိုင်စင်မဲ့ ယာဉ်များ ဝင်ရောက်လာခဲ့ပြီး ကလေး၊ တမူး မြို့ဝန်းကျင် ကျေးရွာများနှင့် ချင်းပြည်နယ် အတွင်းရှိ ကျေးရွာ အချို့သို့ လာရောက်ရောင်းချသူများရှိကာ အနိမ့်ဆုံးဈေး ကျပ် သိန်း ၅၀ ဖြင့်ပင် ရနိုင်ကြောင်း အဆိုပါမြို့ ဒေသခံများ ထံမှ သိရသည်။

"မြဝတီဘက်ကနေ တစ်ရက်ကို အစီး လေးငါးဆယ်လောက် ဝင်တယ် ကြား ရတယ်။ ဒီမှာလည်း ဖမ်းနေတယ်။ ကလေးမြို့မှာဆို လမ်းပေါ်မှာ ပြည့်နေ တယ်။ လိုင်စင်မဲ့ ကားဆိုတာ စနစ်မကျ၊ နည်းလမ်းမကျ၊ ဥပဒေနဲ့ မညီညွှတ်ဘူး" ဟု ချင်းပြည်နယ် မဲဆန္ဒနယ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစတီဗင် သာဘိတ်က ပြောကြားသည်။

နေပြည်တော် ပြည်ထဲရေး ဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူ များ ရောက်ရှိလာကာ ကလေး ခရိုင်အတွင်းရှိ ရဲအရာရှိ အချို့ကို စစ်ဆေး ဖမ်းဆီးမှုများနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်ကိစ္စ တစ်မျိုးတည်းအတွက် မဟုတ်ဘဲ အခြား မူးယစ်ဆေးဝါးကိစ္စ၊ လက်နက် ကိစ္စများ အတွက်ပါ လာသည်ဟု ကြားသိရကြောင်း ကလေးမြို့ ဒေသခံများက ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲချုပ် ဦးဆောင်သော အဖွဲ့သည် ကလေးမြို့သို့ ဇွန်လ ၁၅ ရက်နေ့က ရောက်ရှိလာပြီး အဆိုပါ လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးခြင်းကို ဆောင်ရွက်နေကာ မြို့ပေါ်တွင် ပျံ့နှံ့နေသော သတင်းများနှင့် ပတ်သက်၍ အတည်ပြုချက် မပေးနိုင်သေးကြောင်း ကလေးမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

"လမ်းမှာတွေ့လို့ ဖမ်းတာ၊ ကြုံလို့ဖမ်းတာ မဖြစ်သင့်ဘူး။ လိုင်စင်မဲ့ကား ရှိတဲ့ ဘယ်သူမဆို ဖမ်းသင့်တယ်။ အခုလို ဖမ်းနေတဲ့ အချိန်မှာ သိမ်းထား မယ်။ နောက် မဖမ်းတော့ဘူးဆိုမှ ထုတ်စီးတယ်ဆိုတာ မဖြစ်သင့်ဘူး။ လိုင်စင်မဲ့ ကားတွေကြောင့် ယာဉ်တိုက်မှု ဖြစ်တာများတယ်" ဟု ဦးစတီဗင် သာဘိတ်က ဆက်လက် ပြောကြားသည်။

ဖမ်းဆီးရမိသော အဆိုပါ လိုင်စင်မဲ့ယာဉ်များကို ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေပြီး ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ ကလည်း ကလေးမြို့ လမ်းဆုံတွင် ရပ်တန့်ထားသော လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့နယ် ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။ Ref: The Voice Weekly

0 comments:

Post a Comment