ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာ ဧရိယာထဲ ကချင်နှစ်ခြင်းခရစ်ယာန် လက်ဝါးကပ်တိုင်တောင်တွင် အထူး ဆုတောင်း အစီအစဉ် ပြုလုပ်ခြင်းကြောင့် မြစ်ဆုံ တန်ဖရဲကျေးရွာမှ သင်းအုပ်ဆရာ Rev. ဘရန်နူးအား ရဲများ မေးမြန်းရန် ဧပြီ ၁၆၊ ယနေ့ဆင့်ခေါ်လိုက်ကြောင်း ရွာသားများပြောသည်။
ရေကာတာ စီမံကိန်းအထဲမှ ရွာသားများကို ပြန်လည်နေရာချပေးသည့် အစိုးရ အောင်မြင်သာ စံပြကျေးရွာမှ ပြည်သူ့ရဲများက ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သင်းအုပ်ဆရာဘရန်နူးမှာ မသွားပဲနေသည် ဟု အသင်းတော်က ဆိုသည်။
ဆုတောင်းပွဲကို ဧပြီ ၁၅ ရက် တနင်္ဂနွေနေ့ Easter Sunday ၀တ်ပြုကိုးကွယ်ခြင်းနှင့်အတူ ပူးတွဲ၍ လက်ဝါးကပ်တိုင် စိုက်ထူထားသောနေရာတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention)မှ အသင်းတော် ဆရာများနှင့် တန်ဖရဲရွာသားများ ၅၀ ကျော် တက်ရောက်ခဲ့သည်။
လက်ဝါးကပ်တိုင်ကို မလိခ-အင်မိုင်ခ (မလိခ-မေခ)မြစ်နှစ်ခု ဆုံဆည်းရာ မြစ်ဆုံအနီး အရှေ့ဘက်တောင်ထိပ်တွင် မြစ်ဆုံရွာ တန်ဖရဲမှ နှစ်ခြင်းနှင့် ရိုမန်ကတ်သလစ် အသင်းတော်တို့မှ လက်ဝါးကပ်တိုင်ကြီး နှစ်ခုအား နေရာတခုစီတွင် သီးခြား စိုက်ထူထားခြင်းဖြစ်သည်။
![]() |
ဧပြီ ၁၅၊ ၂၀၁၂ ရက်က Easter Sunday ၀တ်ပြုဆုတောင်းခြင်း အစီအစဉ်အား မြစ်ဆုံရေကာစီမံကိန်း ဧရိယာရှိ ကချင်နှစ်ခြင်းခရစ်ယာန် လက်ဝါးကပ်တိုင် တောင်တွင် ပြုလုပ်ခဲ့သည်။ |
သို့သော် အသင်းတော်များမှ ပြောင်းရွှေ့ပေးခြင်းမရှိပဲ ၄င်းလက်ဝါးကပ်တိုင်ကို ကြွေပြားဖြင့်ပြန်လည် ပြုပြင်မွန်းမံပြီး ဆုတောင်းရာတွင် “လက်ဝါးကပ်တိုင်နှင့် ဧရာဝတီ မြစ်ဆုံ ထာဝရတည်မြဲပါစေ” ဟူသော ရည်ရွယ်ချက်ဖြင့် ဆုတောင်းခြင်းဖြစ်သည် ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)မှ စားဂျီးကပြောသည်။
ထို့အတူ CPI ကုမ္ပဏီမှ ယခုသင်္ကြန်ပွဲပြီးလျင် တန်ဖရဲ ဒေသခံများနှင့် အစည်းအဝေးပြန်လည်ကျင်းပရန် အစီအစဉ်ရှိသည်ဟုလည်း သိရသည်။
ယင်းအစည်းအဝေးတွင် မြစ်ဆုံရေကာတာသည် ဒေသခံပြည်သူများအတွက် အကျိုးအများကြီးရှိကြောင်း အကောင်းဘက်က ရှင်းလင်းပြောကြားရန်ဖြစ်ပြီး ဆုံးရှုံးသွားသည့် အိမ်ခြံမြေများအတွက်လည်း ထပ်ပိုး ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပြောထားသည်ဟု စားဂျီးကပြောသည်။
သင်္ကြန်အပြီးနောက်ပိုင်းမှ တန်ဖရဲရွာတွင် ဒေသခံများ “လုံးဝ မရှိရ” ဟု အစိုးရ ရွှေ့ပြောင်း အောင်မြင်သာရွာ အုပ်ချုပ်ရေးရုံးမှ သတိပေးထားသည်ဟု ရွာသားများဆိုသည်။
ဧပြီ ၁၄ ရက် စနေနေ့တွင်လည်း နောက်ထပ် မြန်မာအစိုးရစစ်သား ၁၀၀ ကျော် စစ်ကား (၄) စီးဖြင့် တန်ဖရဲရွာသို့ ရောက်ရှိလာသည်ဟု ရွာသားများဆိုသည်။
တန်ဖရဲရွာသည် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်းပေါ်တည်ရှိပြီး စစ်သားများက ရွာထဲဖြတ်သွားသည့် ကုန်တင်ကားများမှ အဓမ္မငွေကြေးကောက်ခံနေရာ ပြီးခဲ့သည့်အပတ်မှ ပိုမိုခြိမ်းခြောက် ကောက်ခံလာကြောင်းသိရသည်။
Ref: KNG
0 comments:
Post a Comment