Saturday, April 28, 2012

မြန်မာနိုင်ငံ အလယ်ပိုင်းမှ နိုင်ငံတကာ လေဆိပ် နှစ်ခုအတွက် ကိုရီးယားကို ဖိတ်ခေါ်

27 Apr 2012| By Pyi Myanmar
မြန်မာနိုင်ငံ အလယ်ပိုင်းမှ နိုင်ငံတကာလေဆိပ် နှစ်ခုအတွက် ကိုရီးယားကို ဖိတ်ခေါ်နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိသော နိုင်ငံတကာ လေဆိပ်ကြီး နှစ်ခုကို တောင်ကိုရီးယား လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်း ပြောကြားလိုက်ပြီး ဂျပန်ကလည်း ယင်းကို စိတ်ဝင်စားနေကြောင်း ၉-၄-၂၀၁၂ ရက်က သိရသည်။

လေကြောင်းလိုင်း ပျံသန်းမှု ထိန်းချုပ်စနစ် အပါအဝင် လေဆိပ် တစ်ခုလုံးကို ရင်းနှီးမြှုပ်နှံသွားရန် ဂျပန်နိုင်ငံက လေ့လာမှုများ ပြုလုပ်နေပြီဖြစ်ကာ ကိုရီးယား သမ္မတနိုင်ငံ အနေဖြင့် ဂျပန်နိုင်ငံနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန် အလားအလာများ ရှိကြောင်း သမ္မတကြီးက ပြောကြားသည်။

“မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နိုင်ငံတကာ လေယာဉ် ဆင်းသက်နိုင်တဲ့ လေဆိပ်ကြီးနှစ်ခု ရှိပါတယ်။ ပြီးပြည့်စုံပြီလို့တော့ ပြောလို့ မရသေး ပါဘူး။ တောင်ကိုရီးယား အနေနဲ့ ဥရောပဘက်ကို သွားမယ်ဆိုရင် မြန်မာနိုင်ငံက အဲဒီလေဆိပ်တွေကို ဝင်ရောက် ဆင်းသက်နိုင်ပါတယ်။ စင်ကာပူ-ဘန်ကောက်ကို ဆင်းပြီး ပတ်နေရတာထက် ပိုပြီး အဆင်ပြေစေပါတယ်” ဟု သမ္မတကြီး ဦးသိန်းစိန်က ပြောကြားသည်။ “ဒီလေဆိပ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်လို့ ရမလဲ ဆိုတာ စဉ်းစားစေလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဂျပန်ကတော့ တော်တော် စိတ်ဝင်စားနေတယ်။ ကိုရီးယား အနေနဲ့လည်း ဝင်ရောက် လုပ်ကိုင်သွားဖို့ စဉ်းစားနိုင်ပါတယ်” ဟု သမ္မတကြီးက နေပြည်တော်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် နေပြည်တော် လေဆိပ်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကြီး တွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်နိုင်သော်လည်း လက်ရှိကာလအထိ ပျံသန်း ဆင်းသက်ကြခြင်း အားနည်းနေသေးကြောင်း သိရသည်။

0 comments:

Post a Comment