Sunday, May 20, 2012

ချယ်လ်ဆီးတို့ ချန်ပီယံလိဂ် ဗိုလ်စွဲ

Sunday, 20 May 2012 Written by - SM

ချယ်လ်ဆီး အသင်းသည် ဘိုင်ယန်မြူးနစ်အား ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင် ရရှိပြီးနောက် ကလပ် အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်ခွင့် ရရှိ သွားခဲ့သည်။

မြူးနစ်မြို့ရှိ Allianz အားကစားကွင်းကြီးတွင် ကျင်းပသော ပွဲစဉ်အတွင်း ဘိုင်ယန်သည် မာရီယို ဂိုမက်ဇ်၊ ဖရန့်ခ် ရစ်ဘာရီ၊ သောမတ်စ် မူလာ၊ အာဂျန် ရော်ဘန်၊ တိုနီ ခရူးစ်၊ ဘက်စတိန်း ရှဝိန်းစတိုင်ဂါ၊ ဒီယေဂို ကွန်တန်တို၊ ဂျရိုမီဘိုတန်၊ အန်တိုလီ တိုင်မိုရှက်ခ်၊ ဖိလစ်လမ်း၊ မန်နျူရယ်လ် နျူအာတို့ဖြင့် ပွဲထွက်ခဲ့သည်။

ချယ်လ်ဆီးတွင်မူ ဒီဒီရာ ဒရော့ဂ်ဘာ၊ ရိုင်ယန် ဘာထရန်၊ ဂျူအန်မာတာ၊ ဖရန့်ခ်လမ်းပတ်၊ ဆော်လ်မန် ကာလူး၊ ဂျွန်အိုဘီ မီခေးလ်၊ အက်ရှ်လေကိုးလ်၊ ဒေးဗစ်လူးဝစ်ဇ်၊ ဂယ်ရီကာဟေးလ်၊ ဟိုဆေးဘော့ဆင်ဝါနှင့် ပီတာဆက်ခ်ျတို့ ပါဝင် ကစားသွားသည်။ အိမ်ကွင်းတွင် ဗိုလ်လုပွဲ ကစားရသည့် ဂျာမန် ကလပ်သည် ချယ်လ်ဆီးအပေါ် ပိုမို ဖိကစားခဲ့ပြီး ပွဲချိန် (၅)မိနစ်တွင် မူလာနှင့် ရှဝိန်းစတိုင်ဂါတို့၏ ပူးပေါင်း ထိုးဖောက်မှုကို ချယ်လ်ဆီး နောက်ခံလူ ကာဟေးလ် ပိတ်ဆို့ခဲ့ရသည်။


ချယ်လ်ဆီး၏ သူရဲကောင်း အောင်ပွဲခံနေစဉ်

(၁၉)မိနစ်တွင် ချယ်လ်ဆီး ခံစစ်သမား ဘော့ဆင်ဝါ ဘောလုံးရှင်းထုတ်ပုံ မသပ်ရပ်မှုမှ တစ်ဆင့် ကရူးစ်အတွက် အခွင့်အရေး တစ်ရပ် ရရှိခဲ့သော်လည်း ဘိုင်ယန်အသင်း ဂိုးမရခဲ့ချေ။ (၂၁)မိနစ်တွင် ချယ်လ်ဆီး ကစားသမားဟောင်း ရော်ဘန် ထိုးဖောက်လာပြီး လှမ်းကန်သော ဘောလုံးကို ဆက်ခ်ျက ပုတ်ထုတ် ကာကွယ်ခဲ့သည်။

(၃၆)မိနစ်တွင် ကွန်တန်တိုထံမှ ဖြတ်ပို့သော ဘောလုံးကို မူလာ ပိတ်သွင်းရန် အားထုတ်မှုမှာ ဘောလုံး လျှံထွက်သွားသဖြင့် အထမမြောက်ခဲ့ပြန်ချေ။ (၃၈)မိနစ်တွင် ဒရော့ဂ်ဘာနှင့် မာတာတို့ တွဲလုံးမှတစ်ဆင့် ကာလူး ကန်ခွင့်ရသော်လည်း ဘိုင်ယန်ဂိုးသမား နျူအာ ကာကွယ်သွားသည်။ (၄၂)မိနစ်တွင် ဂိုမက်ဇ်က ကာဟေးလ်ကို လှည့်ထွက်ကာ ဧရိယာအတွင်းမှ ဘယ်ခြေဖြင့် အပိုင်ကန်ခဲ့သော်လည်း ဂိုးဘားတန်းပေါ်မှ မြင့်မားစွာ ကျော်ထွက်သွားသည်။ ပထမပိုင်း အပြီးတွင် နှစ်သင်းလုံး ဂိုးမသွင်းနိုင်ဘဲ သရေဖြစ်နေသည်။

(၅၄)မိနစ်တွင် ရစ်ဘာရီ ဂိုးသွင်းသော်လည်း လူကျွံဘော အဖြစ် ဒိုင်က သတ်မှတ်ထားသဖြင့် ချယ်လ်ဆီးတို့ သက်သာရာ ရခဲ့သည်။ မိနစ်(၆၀)တွင် လမ်းပတ်၏ အမှားမှ တစ်ဆင့် ဂိုမက်ဇ်က ရော်ဘန်အတွက် ဘောလုံး ခင်းပေးသော်လည်း ကိုးလ်က ကြိုးကြိုးစားစား ပိတ်ဆို့ သွားခဲ့သည်။ မိနစ်(၇၀)တွင် ရော်ဘန်နှင့် တွဲလုံးမှတစ်ဆင့် ကရူးစ် ကန်သွင်းသော်လည်း လူးဝစ်ဇ် တားဆီးသွားပြန်သည်။ (၇၂)မိနစ်တွင် မာတာ ထိုးဖောက်လာမှုမှ တစ်ဆင့် ကာလူး ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဘိုတန်နှင့် နျူအာတို့ ပူးပေါင်း ကာကွယ်နိုင်ခဲ့သည်။

(၇၆)မိနစ်တွင် ရစ်ဘာရီ ကန်တင်သော ဘောလုံး ချယ်လ်ဆီး ဂိုးပေါက်ကို ခြိမ်းခြောက်လာသော်လည်း ဆက်ခ်ျက ပုတ်ထုတ် ရှင်းလင်းနိုင်ခဲ့သည်။ (၇၉)မိနစ်တွင် ချယ်လ်ဆီး၏ ခံစစ် အမှားမှ တစ်ဆင့် မူလာ ဂိုးပေါက်နှင့် (၁၀)ကိုက်မျှ အကွာမှ လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့် ရသော်လည်း ဖြုန်းတီး ပစ်ခဲ့သည်။ (၈၃)မိနစ်တွင် ဘိုင်ယန်တို့ ဂိုးစရသည်။

 ယင်းဂိုးကို ချယ်လ်ဆီး နောက်တန်း၏ လူကပ်ပုံ အမှားမှ တစ်ဆင့် မူလာက လွတ်လွတ် ကျွတ်ကျွတ် မြေစိုက် ခေါင်းတိုက်ချက်ဖြင့် သွင်းယူသွားခြင်း ဖြစ်သည်။ (၈၇)မိနစ်တွင် ဒရော့ဂ်ဘာက ချယ်လ်ဆီး အတွက် ချေပဂိုး ပြန်သွင်းသည်။ မာတာ ကန်တင် ပေးလိုက်သော ထောင့်ကန်ဘောကို ဒရော့ဂ်ဘာက ဂိုးတိုင် ထောင့်ကျဉ်းထဲ ခေါင်းတိုက်ကာ သွင်းယူသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ပွဲအပြီးတွင် တစ်ဖက် တစ်ဂိုးစီ သရေ ကျနေကာ အချိန်ပို ဆက်ကစားရသည်။


ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်ခွင့် ရသွားသည့် ချယ်လ်ဆီး

အချိန်ပို (၉၅)မိနစ်တွင် ဘိုင်ယန်အသင်း ပင်နယ်တီ ကန်ခွင့်ရပြီး ယင်းကို ရော်ဘန် ကန်သွင်းသော်လည်း ဂိုးသမားဆက်ခ်ျ လက်စွမ်းပြကာ အမိဖမ်းယူသွားခဲ့သည်။ အိမ်ကွင်း ပရိသတ်ရှေ့တွင် ဖိအားဝင်လာသော ဘိုင်ယန်သည် ချယ်လ်ဆီးကို ပိုမို တိုက်စစ်ဆင် ကစားသော်လည်း ချယ်လ်ဆီးခံစစ်ကြောင်းက တည်တည်ငြိမ်ငြိမ် ကာကွယ်နေခဲ့သည်။ (၁၀၈)မိနစ်တွင် လမ်းဆွဲပြေးပြီး ပေးပို့သည်ကို ဘိုင်ယန် လူစားဝင် တိုက်စစ်မှူး အိုင်ဗီကာအိုလစ် Volleyကန်သော်လည်း ဂိုးပေါက် လွဲခဲ့သည်။

အချိန်ပိုတွင် နှစ်သင်းလုံး ဂိုးမသွင်းနိုင်သောကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရသည်။ တစ်ဖက် (၄)လုံးစီ ကန်သွင်းပြီးချိန်တွင် ဘိုင်ယန်ဘက်မှ လမ်း၊ ဂိုမက်ဇ်၊ နျူအာတို့ ဂိုးဝင်အောင် သွင်းပြီး အိုလစ်၏ ကန်ချက်ကို ဆက်ခ်ျက ကာကွယ်နိုင်ခဲ့သည်။ ထို့အတူ ချယ်လ်ဆီးဘက်မှ မာတာ၏ ပထမဆုံးကန်ချက် လွဲချော်ခဲ့သော်လည်း လူးဝစ်ဇ်၊ လမ်းပတ်နှင့် ကိုးလ်တို့ အသီးသီး ဂိုးဝင်သဖြင့် ပင်နယ်တီလဒ် (၃-၃)ဖြင့် သရေကျနေသည်။ နောက်ဆုံး အဆုံးအဖြတ် ပင်နယ်တီ ကန်သွင်းရာတွင်မူ ရှဝိန်းစတိုင်ဂါ တိုင်ထိ ထွက်သွားပြီး ဒရော့ဂ်ဘာကမူ အောင်အောင်မြင်မြင် ဂိုးသွင်းခဲ့သဖြင့် ချယ်လ်ဆီးတို့ ချန်ပီယံလိဂ် ဆုဖလားကို လန်ဒန်မြေအရောက် သယ်ယူခွင့် ရသွားသည်။

ယခုပင်နယ်တီ အဆုံးအဖြတ် ခံယူမှု မတိုင်မီ ချယ်လ်ဆီးသည် ချန်ပီယံလိဂ်တွင် ပင်နယ်တီ အဆုံးအဖြတ် ခံယူသော (၂)ကြိမ်လုံး ရှုံးနိမ့်ဖူးပြီး ဘိုင်ယန်က (၄)ကြိမ်တွင် (၄)ကြိမ်လုံး အနိုင်ရထားရာ ရာဇ၀င် ပြောင်းပြန်လည်သွားခြင်း ဖြစ်သည်။ ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျ အနေဖြင့် မန်နေဂျာ အမျိုးမျိုး ပြောင်းလဲကာ မျှော်လင့်ခဲ့သော ချန်ပီယံလိဂ် ဆုဖလားကြီးကို ယာယီအဖြစ် ခန့်အပ်သော ရော်ဘတ်တို ဒီမက်တီယို လက်ထက်တွင် လက်တွေ့ ပိုင်ဆိုင်လာခဲ့သည်။
Ref: Eurosport

0 comments:

Post a Comment