04 May 2012|By Pyi Myanmar
မြန်မာနိုင်ငံတွင် ရင်သားကင်ဆာရောဂါအား ရင်သားတစ်ခုလုံး ဖယ်ရှားရန်မလိုဘဲ ကင်ဆာအကျိတ်ကိုသာ ထုတ်ပြီး ခွဲစိတ်နေစဉ် အတွင်းမှာ ပဲပင်ဓာတ်ရောင်ခြည်ပေး ကုသမှု (IORT-Intra Operative Radiotherapy) ကို ၂၆-၄-၂၀၁၂ ရက်က ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ အမှတ်-၂ တပ်မတော်ဆေးရုံ (ခုတင်- ၅၀၀) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရင်သားကင်ဆာအကျိတ် ခွဲစိတ်ဖယ်ရှားမှုကို ဗိုလ်မှူးချုပ်ပါမောက္ခ ဒေါက်တာစိန်လင်း (ခွဲစိတ်နှင့် ကင်ဆာပါရဂူ)နှင့် အဖွဲ့မှ ဆောင်ရွက်ခဲ့ပြီး ဓာတ်ရောင်ခြည်ပေး ကုသမှုကို ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒုတိယ ဗိုလ်မှူးကြီး ဒေါက်တာ မေသွေးကိုနှင့် အဖွဲ့က ဆောင်ရွက်ခဲ့ကြသည်။ ကင်ဆာအကျိတ် ခွဲစိတ်ဖယ်ရှားမှုနှင့် ပတ်သက်ပြီး ပါမောက္ခ ဦးစိန်လင်းက-“အနောက်နိုင်ငံတွေမှာ ဓာတ်ရောင်ခြည် ကုသမှု နည်းပညာတွေ တိုးတက်တာကြောင့် IORT နည်းနဲ့ ရင်သားတစ်ခုလုံး မထုတ်ဘဲ ခွဲစိတ်ကုသတာကို လုပ်လာတာ တော်တော်ကြာပါပြီ။ Breast Conserving Therapy လို့ ခေါ်ပါတယ်။ ကင်ဆာရှိတဲ့ နေရာကို ချိန်ပြီး ခွဲစိတ်စဉ်မှာ ဓာတ်ရောင်ခြည်ပေးတာ၊ ခွဲစိတ်ပြီးမှ ဓာတ်ရောင်ခြည်ပေးတာနဲ့ ခွဲတဲ့နေရာကို အပ်ချောင်းလေးတွေထည့်ပြီး ဓာတ်ရောင်ခြည်ပေးတာ သုံးမျိုး လုပ်ဆောင်နိုင်ပါတယ်။ စက်ကို ဒီဆေးရုံမှာ မနှစ်ကတည်းက တပ်ဆင်ထားတာပါ။ အကြောင်းအမျိုးမျိုးကြောင့် အခုမှ စတင်နိုင်တာပါ” ဟု ရှင်းပြပါသည်။
ဆက်လက်ပြီး ပါမောက္ခ ဒေါ်မေသွေးကိုက IORT ၏ အားသာချက်ကို ရှင်းပြရာတွင် “ဓာတ်ရောင်ခြည်ပေး ကုသတာက External Radiation နဲ့ Internal Radiation ဆိုပြီး နှစ်မျိုး ရှိပါတယ်။ External Radiation က ကင်ဆာဖြစ်တဲ့ နေရာနဲ့ ဓာတ်ရောင်ခြည်ပေးတဲ့ Source ကို ထိတွေ့မှု မရှိဘဲ ပေးတာပါ။ အခု မြန်မာနိုင်ငံမှာ ပထမဦးဆုံး လုပ်တဲ့ IORT က Internal Radiation ထဲက တစ်ခုပါ။ ကင်ဆာဖြစ်တဲ့ နေရာနဲ့ ဓာတ်ရောင်ခြည်ပေးတဲ့ Source က တိုက်ရိုက် ထိတွေ့ပြီး ပေးတာပါ။ ရောဂါပျောက်ကင်းမှု တော်တော်ကောင်းပြီး ကင်ဆာ အကျိတ်ရဲ့ ဘေးနား မှာရှိတဲ့ ဆဲလ်အကောင်းတွေကို ဓာတ်ရောင်ခြည် ထိတွေ့မှု နည်းတာကြောင့် ဆိုးကျိုးလည်း နည်းပါတယ်” ဟု ပြောကြားသည်။
အခြားနိုင်ငံများတွင် IORT နည်းဖြင့် လည်ပင်းအကျိတ်နှင့် သားဖွားမီးယပ်ဆိုင်ရာ ရောဂါသည်များကို စတင် လုပ်နေပြီ ဖြစ်သော်လည်း ကုသသော အဆင့် မရောက်သေးဘဲ စမ်းသပ်ဆဲအဆင့်သာ ရှိသေးကြောင်းလည်း သိရှိရသည်။ IORT နည်းဖြင့် ကုသရာတွင် ကင်ဆာရောဂါ အဆင့်တိုင်းကို ကုသလို့မရဘဲ အဆင့်-၁ နှင့် အဆင့်-၂ ၏ အစောဆုံး အဆင့်များကိုသာ ကုသနိုင်သည်။ ၂ လက်မအောက် သို့မဟုတ် ၄ စင်တီမီတာအောက် သေးငယ်သော ကင်ဆာ အကျိတ်များကိုသာ ကုသနိုင်ပြီး တခြားနေရာများသို့ ပြန့်နှံ့ရောက်ရှိနေသော ကင်ဆာရောဂါကို ဤနည်းဖြင့် ကုသမရနိုင်ကြောင်းလည်း သိရှိရသည်။
0 comments:
Post a Comment