Friday, May 25, 2012

မှုန်ဝါးသော အနာဂတ်နှင့် မပျံ တတ်သော တောင်ပံများ

24 May 2012| By မင်းသန်းထိုက်(ဒေးဒရဲ)

ကျွန်တော်တို့အုပ်စု လက်ဖက်ရည်ဆိုင်ထဲကို ဝင်ထိုင်မိသည်နှင့် စားပွဲထိုးလေးက အနားကို လာရပ်သည်။ သူ့အသက် ရှိလှ ဆယ်ကျွန် နှစ် ဝန်းကျင်ပေါ့။ ကျွန်တော်တို့ကို ဘာမှလည်းမမေး၊ ဘာမှလည်း မပြော၊ သည်အတိုင်း တောင့်တောင့်ကြီး ရပ်နေ၏။

"ဒီအတိုင်း ရပ်နေရသလား ။မေးလေဘာသောက် မလဲလို့" ။ "သူကအ သစ်ဆရာ၊ မနေ့ကမှ ရောက်တာ။ ဘာမှမလုပ်တတ်သေးဘူး။ လက်ဖက် ရည်ခွက်တောင်ငြိမ်အောင် မကိုင်တတ်သေးဘူး။ အတော်သင်ရဦးမှာ" ကောင်တာမှာ ထိုင်နေသည့်ဆိုင်ရှင်က သူ့စားပွဲထိုးလေးကိုလည်း လှမ်းပြော။ လက်ဖက်ရည်လာသောက်သည့် ကျွန်တော်တို့ကိုလည်း ရှင်းပြ နေသည်။ "

အရင်ခပ်ကြီးကြီး ကောင်လေးရော" ဟု ကျွန်တော်က လှမ်းမေးတော့၊ " အလုပ်ထွက်သွားပြီဆရာ။ ကမ်းနားမှာ ကုန်သွားထမ်းနေတယ်။ ဒီကောင်တွေက နည်းနည်းကြီးလာရင် ခိုင်းမကောင်းတော့ဘူးဆရာ။ ဒီအရွယ်တွေပဲ ကောင်းတယ်" " ဪ" ကျွန်တော့်နှုတ်က ဪသ်ာတစ်လုံးသာဆိုနိုင်တော့သည်။

ရင်ထဲမှာ ပြောစရာစကားလုံးတွေ ခန်းခြောက်သွား၏။ မူလတန်းဆရာအဖြစ် အမှုထမ်းခဲ့ဖူးတော့ ဒီအရွယ်ကလေးငယ်တွေကို ဒီလိုအလုပ်ခွင်တွေမှာ တွေ့ရတိုင်းရင်ထဲမှာ တစ်မျိုးတစ်မည် ခံစားရသည်။ သူတို့အရွယ်ဟူသည် အလုပ်ခွင်မှာ ရှိသင့်သည့်အရွယ်တွေ ဟုတ်ပါရဲ့လား။ စာသင်ခန်းတွေအတွင်းမှာပဲ ပြေးလွှားကစား စာပေသင်ကြားရမည့် အရွယ်တွေ မဟုတ်ပါလား။ ခုတော့ဖြင့် သူတို့တစ်တွေမှာ ရှိရမယ့်နေရာမှာ မရှိ၊ မရှိရမယ့်နေရာမှာ ရှိနေကြပါလား။ စားပွဲထိုးကောင်လေး လက်ဖက်ရည်လာချပေးတော့ "ချာတိတ်၊ မင်းကျောင်းနေဖူးလား" ဟု ကျွန်တော်က မေးကြည့်မိသည်။
" နေဖူးတယ်ဗျ။ ဒီနှစ် သုံးတန်းအောင်တယ်" ဟု အရောင်လက်နေသော မျက်လုံးများဖြင့် ကောင်လေးက ဖြေသည်။ " လေးတန်း ဆက်မတက်တော့ဘူးလား" ဟု ကျွန်တော်ကမေးတော့ ကောင်လေးမျက်နှာညှိုးသွားသည်။

ခေါင်းကိုဖြည်းညင်းစွာ ယမ်းရင်း "အဖေ ဆုံးသွားလို့ အမေက မထားတော့ဘူးတဲ့" လက်ဖက်ရည်ဆိုင်ရဲ့ အ တွင်းဘက် ထောင့်တစ်နေရာမှာတော့ ထိုစားပွဲထိုးကောင်လေးနှင့် ရွယ်တူလောက် ရှိမည့် ဆိုင်ရှင်ရဲ့သားကလေးကတော့ တီဗီဂိမ်းကို စိမ်ပြေနပြေဆော့နေသည်။ စားပွဲထိုးကောင်လေးကတော့ အဖျော်ခုံရှေ့က အုတ်ရေကန်လေးမှာ သောက်ပြီးသား လက်ဖက်ရည်ခွက်တွေကို ဒန်ခွက်ကြီးတစ်ခုထဲမှာ ထည့်ပြီးဆေးနေလေရဲ့။ ဪသာ် ဘဝတွေ ဘဝတွေ။ လူချင်းတူတူ သူချင်းမျှမျှ လူတန်းစေ့ဘဝကို မရနိုင်ကြတဲ့ ဘဝတွေ။ လက်ဖက်ရည်ဆိုင်ထဲက ထွက်လာခဲ့သည့်တိုင် ကျွန်တော့် မျက်လုံးထဲမှာ သည်မြင်ကွင်းကလေးက ကပ်ငြိပါလာခဲ့သည်။

မြန်မာပြည် တစ်နံတစ်လျားက လက်ဖက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေမှာ သည်အရွယ်ကလေး ငယ်တွေ အကြောင်းအမျိုးမျိုးနှင့် ကလေးအလုပ်သမား ဘဝရောက်နေကြသည်။ အချို့က အဖေမရှိတော့လို့။ အချို့က အမေမရှိ တော့လို့။ အချို့က အဖေရော၊ အမေရော မရှိတော့လို့။ အချို့ကျတော့ အဖေရော၊ အမေရော ရှိပါလျက် ဒုက္ခိတတွေ ဖြစ်နေလို့။ အချို့ကျတော့ မောင်နှမတွေများပြီး မိဘက ဝင်ငွေနည်းလို့။ အကြောင်းမျိုးစုံနှင့် သူတို့၏ အ နာဂတ်ပန်းချီကားတွေ မှုန်ဝါးနေကြသည်။ တချို့ကလေးငယ်တွေက မူလတန်းပညာပင် ဆုံးခန်းတိုင်အောင် မသင်ဖူးကြ။

မြို့ပြတွေက ခွာပြီး ကျေးလက်တောရွာကို လှမ်းကြည့်လိုက်ပါဦး။ လယ်ထဲ ချောင်းထဲမှာပဲ ငါးရှာ၊ ဖားရိုက်၊ ကဏန်း နှိုက်ရင်း ကျေးလက်က စာသင်ခန်းတွေ ရှိရာကို ရောက်မလာနိုင်တဲ့ ကလေးတွေ ဒုနဲ့ဒေးပါ။ နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံးမှာ သီးထပ်တွေ၊ သီးညှပ်တွေနဲ့ လယ်ကွင်းတွေ စိမ်းလန်းနေသလောက် လယ်ကွင်းထဲက အချို့ကလေး ငယ်တွေရဲ့ ဘဝကတော့ ခြောက်သွေ့နေဆဲပါ။ မူလတန်းပညာရေးကို နိုင်ငံတော်က အခမဲ့သတ်မှတ် ပြဋ္ဌာန်းပေးပေမယ့် ပညာရေးနဲ့ ဝေးနေဆဲ ကလေးတွေ ဒုနဲ့ဒေးပါ။ ပြီးခဲ့တဲ့နှစ် အခုလိုကျောင်းဖွင့်ခါနီးမှာ ပရဟိတစိတ်ရှိကြသူ ကျွန်တော်တို့ဝါသနာတူ လူရွယ်တစ်စု စုပေါင်းပြီး အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ကြသည်။ အတန်းအောင်ပြီးနောက် အတန်းသစ် မတက်နိုင်လောက်အောင် ဆင်းရဲချို့တဲ့သည့် ကလေးငယ်များကို တစ်နှစ်တစ် ရာသီဖြစ်ဖြစ် ကျောင်းဆက်တက် နိုင်အောင် ထောက်ပံ့ပေးဖို့ ဖြစ်ပါသည်။

ကျွန်တော်တို့တစ်တွေ ကိုယ့်ခွန်ကိုယ့်အားနှင့် တတ်နိုင်သမျှ စုပေါင်းထည့်ဝင်ကြတာ လေးသိန်းကျော် ငါးသိန်းနီးပါးရပါသည်။
ကျွန်တော်တို့အစီအစဉ်က နီးစပ်ရာ မူလတန်းကျောင်း ၁၀ ကျောင်းမှ တစ်ကျောင်းလျှင် အဆင်းရဲဆုံး ၁၀ ယောက်ကို စာ သင်နှစ် တစ်နှစ်အတွင်းကုန်ကျမည့် ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ဘောပင်၊ ကွန်ပါဘူးမှစ၍ မိဘ ဆရာအသင်းကြေး၊ အားကစား ကြေးပါမကျန် ထောက်ပံ့မည်။ ထို့ပြင် လုံးဝကျောင်းဆက်မထား တော့သည့် ကလေးများကို စာသင်နှစ် တစ်နှစ်တော့ ဆက်တက်ဖြစ်အောင် ကျောင်းဝတ်စုံ၊ လွယ်အိတ်၊ ထီး၊ ဖိနပ် တစ်နှစ်တာ မုန့်ဖိုးကအစ ထောက်ပံ့မည်။

ဘာပဲဖြစ်ဖြစ် နောက်နှစ် နောက်နှစ်တွေမှာ ဆက်မလုပ်နိုင်တောင် အနည်းဆုံးတစ်နှစ်တော့ ထိုကလေးငယ် အတွက်ပညာသင်ခွင့်ရသွားမည်။ လုပ်ကြမည်ဟု အားလုံးသဘောတူဆုံးဖြတ်ကာ သက်ဆိုင်ရာ မူလတန်းကျောင်းများသို့သွား၍ စာရင်းကောက်ကြသည်။ သည်တွင် ကျွန်တော်တို့ တွေ့ရသည်မှာ လေးတန်းအောင်ပြီး ငါးတန်းဆက်မတက်တော့သည့် ကလေးက အများစုဖြစ်နေသည်။ သက်ဆိုင်ရာကျောင်းများမှ ဆရာများကလည်းအား တက်သရောရှိကြပါသည်။ ဘယ် ကလေးကတော့ စာတော်သည်၊ ကျောင်းထားပေးမည့်သူရှိလျှင် တက်လိမ့်မည် စသဖြင့် သတင်းပေးကြသည်။ သူတို့ကိုယ်တိုင် ကလေးမိဘ၊ အုပ်ထိန်းသူများကို ခေါ်၍ ကျွန်တော်တို့နှင့် တွေ့ပေးသည်။

အစ ပထမတော့ မိဘ အုပ်ထိန်းသူများက အထောက်အပံ့ပေးလျှင် ကျောင်းဆက်ထားပါ့မည်ဟု ကတိပေးကြသည်။ တကယ် ကျောင်းအပ်မည်ဟု သွားခေါ်သောအခါ အကြောင်းအမျိုးမျိုးပြ၍ ငြင်းကြသည်။ သူတို့အထဲက နှစ်ယောက်သာ ကျွန်တော်တို့ ကျောင်းထားပေးခွင့်ရခဲ့ကြသည်။ ဒါလည်း တစ်ယောက်က နှစ်မကုန်။ စပါးရိတ်ချိန်တွင် အိမ်မှာ အစောင့်မရှိ၍ ဟုဆိုကာ ကျောင်းထုတ်သွားလေသည်။ ကျွန်တော်ပြောလိုသည်မှာ ကျောင်းထားပေးမည့်သူ ရှိသည့်တိုင် အချို့ကလေးငယ်များ ကျောင်းပြန်မတက်နိုင်ကြပါ။ အချို့ မိသားစုများအတွက် ထိုကလေးငယ်များ၏ ဝင်ငွေသည် အရေးပါပါသည်။

အချို့ မိသားစုများတွင် မိဘနှစ်ပါး အလုပ်သွားချိန်၌ ထိုကလေးငယ်များက အိမ်စောင့်၊ ကလေးထိန်းလုပ်ကြရပါသည်။ သူတို့တစ်တွေသည် အနာဂတ်ကိစ္စအတွက် မစဉ်းစားနိုင်ကြပါ။ မစဉ်းလည်း မစဉ်းစားတတ်ကြပါ။ မိဘများကိုယ်တိုင်က သည်လိုပဲ ကြုံသလို ကြီးပြင်းလာသဖြင့် သူတို့၏သားသမီးများကိုလည်း သည်လိုပဲ ကြီးလာလိမ့်မည်ဟု ထင်ထားကြပါသ ည်။ လောလောဆယ် ထမင်းနပ်မှန် အောင်စားရဖို့က သားသမီးတွေကို ကျောင်းထားဖို့ထက် ပိုအရေး ကြီးနေသည် မဟုတ်ပါလား။

ကျွန်တော်တို့ရပ်ကွက်ထဲမှာ မိသားစုတစ်စုရှိသည်။ မွေးထားသည့် ကလေးက လေးယောက်။ ဖအေက အရက်သမား။ ဆိုက် ကားနင်းရသမျှ အရက်သောက်ပစ်သည်။ ဘိုးအေကြီးရှိစဉ်ကတော့ ဘိုးအေကြီးက ကုန်းရုန်းရှာ ကာ မြေးများကို ကျောင်းထားပေးပါသည်။ ဘိုးအေကြီး ရုတ်တရက်ဆုံးသွားတော့ အကြီးဆုံး ကောင်လေးမှာ သုံးတန်းလောက်နှင့် ကျောင်းထွက်လိုက်ရသည်။ ဝပ်ရှော့တစ်ခုမှာ အလုပ်လည်း သင်ရင်း မုန့်ဖိုးလေးရရဆိုပြီး ဝင်လုပ်ရသည်။ ခုတော့လည်း ကောင်လေးက အတော်ကလေး လုပ်တတ်လာတော့ ဝပ်ရှော့ပိုင်ရှင်က တစ်လသုံးသောင်းလောက် လခ သဘောမျိုး သတ်သတ်မှတ်မှတ် ပေးလာသည်။ ထိုဝင်ငွေကလေးနှင့်ပင် ကျန်တဲ့ ကလေးတွေကို ကျောင်းထားပေးနေရသည်။ ကောင်လေးခများ စာတောင် ကောင်းကောင်း မဖတ်တတ်ရှာပေ။ မြို့ပြတွေရဲ့ လမ်းကြို လမ်းကြား၊ အိမ်ကြို အိမ်ကြားတွေမှာ ပလတ်စတစ် လိုက်ကောက်နေတဲ့ ကလေးတွေ၊ သင်္ဘောဆိပ်တွေ၊ ကားဂိတ်တွေ၊ ဘူတာရုံ တွေမှာ ကွမ်းယာ၊ ဆေးလိပ်၊ ရေသန့်၊ တစ်ရှူး လိုက်ရောင်းနေတဲ့ ကလေးတွေကို မမြင်ချင်အဆုံး တွေ့နေရသည်။

နောင်ဆယ်နှစ်၊ ဆယ့်ငါးနှစ်ကြာသည့်အခါ ထိုကလေးတွေ ကောင်းကောင်းအရွယ်ရောက်ကြပြီ။ သူတို့တစ်တွေ၏ အနာဂတ်အတွက်သာမက နိုင်ငံ၏အနာဂတ်အတွက်ပါ တွေးကြည့်လျှင် ရင်လေးစရာ။ ဆရာချစ်ဦးညိုက စင်ကာပူ နိုင်ငံ၏ ပထမဆုံးအကြိမ် စာပေဟောပြောပွဲမှာ ပြောသွားသည်။ " ကျွန်တော်တို့နိုင်ငံက သယံဇာတ အင်မတန်ပေါတယ်။ ဆန်စပါး၊ သစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့ အကုန်ထွက်တယ်။ စင်ကာပူနိုင်ငံက လူပဲထွက်တယ်" ဆိုတော့ ပရိသတ် ပွဲကျသွားသည်။ " အဲဒီလူကို ပညာနဲ့ပေါင်းပစ်လိုက်တယ်။ ဟော အာရှမှာ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာတာပဲ" တဲ့။ ကျွန်တော်တို့ နိုင်ငံမှာရော။ လူကို ပညာနှင့်ပေါင်းကာ တန်ဖိုးရှိတဲ့ လူ့စွမ်းအားအရင်းအမြစ် တွေဖြစ်အောင် ဘယ်လောက် လုပ်နိုင်ပါပြီလဲ။

မူလတန်းမပြီးတဲ့ ကလေးတွေ၊ အလယ်တန်းမပြီးတဲ့ ကလေးတွေ၊တောရွာတွေကဘုန်း ကြီးကျောင်းတွေမှာကိုရင်လေးငါး ဝါဝတ်ပြီး စာသင်၊ နောက်လူထွက်ပြီး လယ်ထဲရောက်ကုန်ကြတဲ့ ကလေးတွေ၊ ကိုယ့်ရပ် ကိုယ့်ရွာက မငြိမ်းချမ်းလို့ ပြေးရင်း၊ ပုန်းရင်း ကျောင်းတောင် ကောင်းကောင်း မနေလိုက်ရတဲ့ ကလေးတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေမှာ စားပွဲထိုးလုပ်ရင်း မိသားစုအတွက် ငွေရှာပေးနေရတဲ့ ကလေးတွေ၊ လမ်းကြိုလမ်းကြား အိမ်ကြို အိမ်ကြားတွေမှာ ပလတ်စတစ် လိုက်ကောက်နေတဲ့ ကလေးတွေ။ သည်ကလေးတွေက နိုင်ငံ၏အနာဂတ်ကိုစိန်ခေါ်နေပေသည်။
ကျွန်တော်တို့သည် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရမည်ဟုဆိုင်းဘုတ် ထောင်ရုံ၊ ကြွေးကြာ်နေရုံဖြင့် ထို ကလေးတွေအားလုံး ကျောင်းခန်းထဲ ရောက်လာမည်မဟုတ်ပါ။ ထိုကလေးငယ်တွေအားလုံး ပညာသင်ကြားခွင့်ရရေးအတွက် ဘယ်လိုစီမံဖန်တီးကြမလဲဆိုတာ ဝိုင်းဝန်းစဉ်းစားကြဖို့ဖြစ်ပါသည်။

မကြာမီ ကျောင်းတွေဖွင့်ပါတော့မည်။ တချို့ကလေးတွေက တန်ဖိုးကြီးကြီးပေးရသည့် ပုဂ္ဂလိကကျောင်း တွေဆီသွားရန် ခြေလှမ်းပြင်နေချိန်မှာ တချို့ကလေးတွေကတော့ နောက်တစ်တန်းတက်ရန် မသေ ချာဖြစ်ကြသူတွေ ရှိနေပါသည်။ ကျွန်တော် ဤစာကို ရေးနေစဉ်မှာပင် လမ်းမပေါ်က "ဂလိုင်၊ ဂလိုင်" အသံကြားလို့ ခေါင်းထောင်ကြည့်လိုက်တော့ ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ် လောက်ရှိမည့် ကလေးငယ်လေးတစ်ယောက်။ ဖဲထီးရောင်စုံလေး မိုးထားသည့် နို့အေးချောင်းလှည်းကလေးကို တွန်းလို့။ အရိပ်မဲ့မဲ့ နေပူပြင်လမ်း မကြီးပေါ်မှာ။ သူ့ဖဲထီးလေးက ဘယ်လောက်များ အပူဒဏ်လုံအောင် မိုးထားပေးနိုင်မှာပါလိမ့်။


0 comments:

Post a Comment