Wednesday, June 20, 2012

ဒေါ်စု မွေးနေ့ပွဲတွင် ဇိုမီးအမျိုးသားတဦး အညတရဆု ချီးမြှင့်

ဟွဏ်းဘီးလ်။       ။ ဇွန်လ ၁၉ ရက်နေ့ ဒီကနေ့မှာ ကျရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရုံးချုပ်တွင် ကျင်းပခဲ့ပြီး တတိယအကြိမ် ‘အညတရ သူရဲကောင်းဆု’ ချီးမြှင့်ခြင်းလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အင်းစိန်ထောင်ရှိ ဦးခေမာစာရ (ခ) ကိုချမ်းသာ၊ မြင်းခြံထောင်ရှိ ဒေါက်တာကျော်ကျော်၊ သာယာဝတီထောင်ရှိမောင်လက်ျာထွန်း၊ မြင်းခြံထောင်မှ လွတ်မြောက်လာသည့် မလှလှမော၊ ပုသိမ်ထောင်မှ လွတ်မြောက်လာသူ ကပ်ခန့်ခွာ (ခ) အန်ထော်နီ တို့ကို ငါးဦးကို ‘အညတရ သူရဲကောင်းဆု’များ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ယင်း(၅)ဦးထဲမှ ပူးအန်ထော်နီကပ်ခန့်ခွါလ်သည် ဇိုမီး(Zomi)အမျိုးသားတဦးဖြစ်ပြီး သူ့ကို ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးခင်း၌ ပါဝင်လှုပ်ရှားမူကြောင့် ဖမ်းဆီးခြင်းခံထားကာ ၂၀၁၂ ဇန်နဝေါ်ရီလတွင် သမ္မတ၏ လွတ်ငြမ်းချမ်းသာခွင့်ဖြင့် ပုသိမ်ထောင်မှ လွှတ်မြောက်လာခဲ့သည်။

သူသည် ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ၏ ပါတီလူငယ်ခေါင်းဆောင်တဦးလည်းဖြစ်ကြောင့် သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးမှ ပူးအန်ထော်နီကပ်ခန့်ခွါလ်သို့  ‘အညတရ သူရဲကောင်းဆု’ ပေးအပ်ချီးမြှင့်နေစဉ်။    ။ ဓါတ်ပုံ- ZYA-YGN
အခမ်းအနားကို နာယက ဦးတင်ဦး၊ ဦးဝင်တင်နဲ့ သဘာပတိ အဖွဲ့ဝင်တွေ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ လူမှုရေးအဖွဲ့အစည်းနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

“ဒီနေ့ အန်တီ့မွေးနေ့မှာ အညတရဆု ချီးမြင့်တယ်။ တကယ့်ကို နာမည်လည်း မထွက်ဘဲ နိုင်ငံရေးထဲမှာ ဝင်ရောက် လုပ်ကိုင်ပြီးတော့ အနစ်နာခံတဲ့လူတွေကို ဘုန်းကြီး၊ တိုင်းရင်းသားတွေ အားလုံး ပါဝင်အောင် တဦးချင်း ဆုပေးရေး အဖွဲ့က ရွေးချယ်လိုက်တယ်” ဟု ပြည်သူ့လွှတ်တော်အမတ် မဖြူဖြူသင်းက မဇ္စျိမကို ပြောသည်။

ထိုဆုကို ၂ဝ၁ဝ ခုနှစ်မှ စတင်၍ ဂျပန်ရောက် မြန်မာပြည်သားများ ကမကထပြုခဲ့ခြင်း ဖြစ်ပြီး လူသိမများသော်လည်း တိုင်းပြည်နှင့် ဒီမိုကရေစီအရေး လုပ်ဆောင်သူများအား ချီးမြှောက်လိုခြင်း၊ ယင်းကဲ့သို့ လူများ ပိုမိုပေါ်ထွန်းလာရေးနှင့် ပြည်တွင်း ပြည်ပ ဒီမိုကရေစီ လှုပ်ရှားသူများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆုချီးမြှင့်ရေး ကော်မတီ - ဂျပန်မှ တာဝန်ရှိသူ ကိုမင်းထက်ဇော်က မဇ္စျိမကို ပြောဆိုခဲ့ဖူးသည်။

ဒုတိယအကြိမ် အညတရ သူရဲကောင်းဆု (၂ဝ၁၁ ခုနှစ်)ကို ဦးဝိရသူ (ခ) ဝင်းခိုင်ဦး၊ ကိုဇေယျာအောင် (မြစ်ကြီးနားထောင်)၊ ကိုသန့်ဇော် (သရက်ထောင်)၊ ဦးစွမ်းလှအောင် (ကျောက်ဖြူထောင်)နှင့် မမာမာဦး (ဗန်းမော်ထောင်) တို့ ရရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်က ပထမအကြိမ်အဖြစ် မဂ္ဂင်ကျောင်းဆရာတော် ဦးအိန္ဒက (လားရှိုးထောင်)၊ ဘိုးတော် ခင်ဝင်း (ခ) ဦးခင်ဝင်းနှင့် ကိုသန်းနိုင် (မအူပင်ထောင်)တို့က ရရှိခဲ့ကြဖူးသည်။

‘အညတရ သူရဲကောင်းဆု’ ပေးအပ်ချီးမြှင့်ခံရသော ပူးအန်ထော်နီကပ်ခန့်ခွါလ်အား သွားရောက်ဂုဏ်ပြုသည့် ရန်ကုန်မြို့ ဇိုမီးလူငယ်တချို့နှင့် တွေ့ရစဉ်။    ။ ဓါတ်ပုံ- ZYA-YGN
ထိုပွဲတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ သဘောထားများ ဆွေးနွေးဖလှယ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ဆုတောင်းပေးခြင်း၊ မြန်မာတပြည်လုံးနှင့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသော ပဋ္ဋိပက္ခများအတွက် ဆုတောင်းပေးခဲ့သည်ဟု သိရသည်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မိသားစုနေခဲ့သည့် အင်္ဂလန်နိုင်ငံ၊ အောက်စဖိုဒ့်မြို့တွင် သူ၏ သားနှစ်ဦးနှင့်အတူ မွေးနေ့မှာ အတူရှိနေမည် ဖြစ်ကြောင်း သိရသည်။

Source - Mizzima

0 comments:

Post a Comment