Saturday, June 16, 2012

အလွမ်းဟာသ

15 Jun 2012  | By ရွှေကြိမ်လုံး


ဒီဘက်ခေတ်ရေစီးကြောင်း ကကောင်လေးတွေ ၊ ကောင်မလေးတွေ
ချစ်ကြိုက်ကြ တာ ဟာ ရွှေကြိမ်လုံး အမြင်တော့ တစ်မျိုးကြီးပါပဲ။ အရင်တုန်းကလို (၃)နှစ် (၃)မိုးဆိုတာထက် ချစ်ကြိုက်ကြပြီဆိုရင် တည်းခိုးခန်း သွားလိုက်ကြတာပါပဲ။ ဘာဆိုဘာမှ မစဉ်းစားတော့ဘူး။ အလုပ်မရှိ အကိုင်မရှိနဲ့ ခိုးပြေးသွားကြ၊ မိဘအိမ်ပြန်စားသောက်ကြနဲ့ နောက်ဆုံး စီးပွားရေး အဆင်မပြေလို့ ကွဲကြပြဲကြ ဆိုတော့ ရှေးစကားပုံ တစ်ခုဖြစ်တဲ့ အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည် စုပ်ထိုး ဤ၃ချက် မပိုင်လျှင် နောင်ပြင်ရန်ခက်မျိုး ဆိုသလို အိမ်ထောင်ပြုတာရယ်၊ ဆေးမှင်ကြောင်ထိုးတာရယ်၊ ဘုရားတည် တာရယ်ဟာ စကတည်းက စဉ်းစားပြီးမှ ဆုံးဖြတ်တာ ပိုကောင်း ပါတယ်။

နို့မို့ဆိုရင်တော့ ဘဝမှာ တကယ့်ကို ဒုက္ခပင်လယ်ဝေမှာ အမှန်ပါ။ အိမ်ထောင်ပြုတော့မယ်ဆို စဉ်းစားရမယ့် မလွှဲမသွေရှောင်ရမယ့် အချက်(၃)ချက်က ကွာသုံးကွာ၊ ပါသုံးပါ နဲ့ ချာသုံးချာပဲဖြစ်ပါ တယ်။ ဒီသုံးပါးဟာ မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် မိမိနဲ့လက် တွဲမယ် ဘဝခရီးဖော်မှာ ပါလာပြီ ဆိုရင်တော့ ဝေးဝေးက ရှောင်ကြရမှာ ဖြစ်ပါတယ်။

ကွာသုံးကွာ ဆိုတဲ့နေရာမှာ (၁) တိုင်းပြည်နှင့် လူမျိုးကွာလျှင်၊ (၂)အယူဘာသာကွာလျှင်၊ (၃)စိတ်ဓာတ်ချင်းကွာလျှင် တို့ပဲဖြစ်ပါတယ်။ တိုင်းခြားပြည်ခြား၊ လူမျိုးခြားနဲ့ဘာသာမတူသူ၊ တခြား ဘာသာခြားကို ယူမိရင်တော့ ကိုယ့်လူမျိုး ကိုယ့်ဘာသာယဉ်ကျေးမှုကို စွန့်ရပါလိမ့် မယ်။ ထို့အတူပဲ ဘာသာတူလူမျိုးတူဖြစ်လင့်ကစား စိတ်ဓာတ်မတူ ကွာခြားရင် လည်း (၂)ယောက်အတူတစ်မိုးအောက် မှာ စဉ်းစားလို့မရပါဘူး။ ခဏလေးနဲ့ အဲဒီအိမ်ထောင်ဟာ ပျက်ပြယ်သွားပါလိမ့်မယ်။

ပါသုံးပါဆိုတဲ့နေရာမှာလည်း (၁)အနာရောဂါပါလာလျှင်၊ (၂)အကြွေးပါလာလျှင်၊ (၃)အပိုစားမည့် (လူပိုတွေ) ပါလာမယ်ဆိုတာပါ။ အနာရောဂါဆိုတာမှာ ခေတ္တ နာဖျားတာမျိုး မဟုတ်ဘဲ ကိုယ့်နဲ့ယူပြီးကာမှ သူ့ရဲ့နာတာရှည်ကို ကုသပးနေရမယ်ဆို ဒုက္ခတွေဝေနေဦးမှာပါ။ ဒီကြားထဲ အကြွေးတွေများပြီး ကိုယ်နဲ့ လက်ထပ်ပြီးကာမှ ပေးဆပ်နေရဦးမယ်ဆိုရင် အညွန့်တော်တော် တက်ဖို့ မလွယ်တော့ပါဘူး။

ပိုပြီးဆိုးတာကတော့ ယူတာကတော့ တစ်ယောက်ထဲပါ။ ဒါပေမယ့် နှစ်ယောက်တစ်အိပ်မက် မဟုတ်ဘဲ အပိုစားမယ့်သူတွေ ပါလာလို့ ကျွေးနိုင်သည်ပဲထားဦး၊ စကားပိုတွေလည်း ပါလာမှာမို့ လင်မယားကြား ရှင်းရမယ့် ပြဿနာတွေဟာ အများကြီးရယ်ပါ။ ချာသုံးချာ ဆိုတဲ့ နေရာမှာလည်း (၁)ပညာရေးချာလျှင်၊ (၂)စီးပွားရေးချာလျှင်၊ (၃)လူမှုရေးချာလျှင် လည်း ဘာမှသုံးစားလို့ မရပါဘူး။

ပညာ ဆိုတဲ့နေရာမှာ အတန်းပညာက လူတစ် ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကို မြင့် မားစေတာမို့၊ ပညာတတ် တစ်ယောက်ဖြစ်ဖို့ လိုပါတယ်။ ပညာ ဆိုရာမှာ အဆင့်ဆင့် မခွဲဘဲ အသက်မွေးဝမ်းကျောင်း ပညာဟာလည်း အကျုံးဝင်ပါတယ်။ အဓိကကတော့ ဆင်ခြင်တုံတရားမြင့်မားတာကို ဆိုလိုတာပါ၊ စီးပွားရေးဟာ ပညာရေးနဲ့ ဆက်စပ်နေပါတယ်။ တစ်ခုမြင့်မားလာပြီး ကျန်တစ်ခုကလည်း အချိုးတူမြင့်မား လာတတ်ပါတယ်။ ပညာမတတ်ဘဲ ချမ်းသာနေသူတွေကိုတွေ့ရပေမယ့် ပညာမတတ်ခဲ့ရင် ငွေပင်ရှိစေဦးတော့ ပွဲလယ်မတင့်နိုင်ပါဘူး။

လူမှုရေးချာလျှင် ပညာနှင့် အသက်မွေးဝမ်းကျောင်းမပြုဘဲ ချမ်းသာလာတဲ့သူ အများစုဟာ အနေအထိုင်၊ စရိုက်ဟန်ပန်တွေမှာ ပညာတတ်သူကို မမှီနိုင်ဘဲ ငွေပါတာကလွဲပြီး အသိဥာဏ် နည်းတတ်သလို၊ ဆင်ခြင်တုံတရားခေါင်း ပါးတတ်ပါတယ်။ ဘဝခရီးလမ်းကို လျှောက်တော့မယ်ဆို တူနှစ်ကိုယ်တဲအိုပျက်မှာ နေရနေရ၊ ခရောင်းလမ်းကိုဖြတ်ရဖြတ်ရဆိုတဲ့ စကားတွေဟာ လက်တွေ့မကျပါဘူး။

ကွာသုံးကွာ၊ ပါသုံးပါ၊ ချာသုံးချာကို သိနေဖို့ အရေးကြီးပါတယ်။ မိမိရဲ့စိတ်အလိုကို လိုက်လို့ဖြစ်စေ၊ မလွှဲမရှောင်သာလို့ဖြစ်စေ၊ တဇွတ်ထိုး လုပ်လိုတဲ့စိတ်ကြောင့် ပဲဖြစ်ဖြစ် ဒါတွေကိုဘေးဖယ်ပြီး စဉ်းစားလို့ ဘဝလက်တွဲဖော်အဖြစ် လက်တွဲလိုက်မယ် ဆိုရင်တော့ ဘဝမှာ အမှားဗလာပွနဲ့ တစ်သက်လုံး ရင်ဆိုင်နေရမှာဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝကို ရောက်ပြီးမှအမှားကို ပြန်ပြင်ချင်ပါရစေလို့ ဆိုရင် နောက်ကျသွားမှာဖြစ်ပါတယ်။

အိမ်ထောင်သည်ဘဝဟာ တစ်ခါရေးပြီးတိုင်း တစ်ခါပြန်ဖျက်ပြီး အသစ်ပြန်ရေးနိုင်တဲ့ ကျောက်သင်ပုန်းမဟုတ်ပါဘူး။ ငယ်ရွယ်နုပျိုစဉ်မှာတော့ အိမ်ထောင်ပြုတယ်ဆိုတာ ချစ်တာတွေ၊ မေတ္တာတွေ၊ သစ္စာတွေ ခံစားတာက အဓိကလို့ ထင်ကြမှာပါ။ အသက်လေး ရလာတော့မှ လူမှု၊ ဘဝပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း၊ ဘဝတက္ကသိုလ်ကြီးက ပညာတွေပို့ချလာတော့ မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ပြုတယ် ဆိုတာ မပူချင်လို့ ယောက်မရှာတာမျိုး၊ လက်ထပ်ခြင်းကို စဉ်းစားရာမှာလည်း အောင်ဘာလေထီ ထိုးတဲ့သူတွေလို ကျပ်သိန်း(၁၅၀ဝ)ဆုကြီး မျှော်ပြီးစိတ်ကူးယဉ် ဂဏန်းတွေ ရွေးပေါက်မယ် ထင်ခဲ့ကြတာပါ။
တကယ်တော့ စိတ်ကူးဆိုတာ လက်တွေ့ဘဝမှာ ဗလာမဲတွေပါပဲ။

မရေရာတဲ့ အနာဂတ်ကို ကြောက်တတ်မယ် ဆိုရင် ကိုယ့်ဘဝလက်တွဲဖော်ကို ချာသုံးချာ၊ ပါသုံးပါ၊ ကွာသုံးကွာ စတာတွေနဲ့ ချိန်ထိုးပြီး အရွေးမမှားဖို့ လိုပါတယ်။ မနက်ဖြန်ဖြစ်လာမယ့် အခြေအနေကို ကြိုတွေးပြီးမှ ဒီနေ့ဘာလုပ်သင့်တယ် ဆိုတာကို စဉ်းစားဆုံးဖြတ်နိုင်မှ တော်ကာကျမယ် ထင်ပါတယ်။

0 comments:

Post a Comment