ဟွဏ်းဘီးလ်။ ။ ယူရို ၂၀၁၂ ၏ နောက်ဆုံး အဆင့် ဗိုလ်လုပွဲ အဖြစ် ပေါ်တူဂီ အသင်းကို ကျော်ဖြတ်လာခဲ့သော လက်ရှိ ချန်ပီယံ စပိန် အသင်းနှင့် ဂျာမဏီ အသင်းကို ကျော်ဖြတ် လာခဲ့သော အီတလီ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ ကြ သည်။ ယခု ပွဲတွင် လက်ရှိ ချန်ပီယံ စပိန် အသင်း ပြိုင်ဘက် အီတလီ အသင်းအား ခြေစွမ်းပြ အနိုင် ယူသွားနိုင် ခဲ့ပြီး ဆေးလ်ဗား အယ်လ်ဘာ တောရက်စ် မာတာ တို့၏ ဂိုးများဖြင့် ၄ ဂိုးပြတ် အနိုင် ရရှိခဲ့ကာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင် ခဲ့ သည်။
စပိန် အသင်း၏ ပွဲထွက် လူစာရင်း၌ ယခင်ပွဲများ အတိုင်း တိုက်စစ်မှုး စစ်စစ် မပါဝင်သည့် နည်းဗျူဟာ ကို အသုံးချခဲ့ပြီး ဆေးလ်ဗား ဖာရီဂတ်စ် အင်နီယက်စ်တာ ဇာဗီ အလွန်ဆို တို့ဖြင့် ပွဲထွက် ခဲ့သည်။ ဂိုးသမား ကာဆီးလက်စ် ကိုတော့ ပီကေး အဘီလိုအာ အယ်လ်ဘာ ရာမို့စ် တို့ဖြင့် ကာကွယ်စေသည်။ အီတလီ အသင်းတွင်တော့ ဆီမီးဖိုင်နယ် ပွဲတွင် ခြေစွမ်း ပြခဲ့သည့် ဘာလော့တယ်လီ အား တိုက်စစ် တွင် ကာဆာနိုနှင့် တွဲ ကစားစေ ခဲ့ကာ ကွင်းလယ်တွင် ဒီရော့ဆီ၊ မွန်တိုလီဗို၊ မာချီစီယို၊ ပီယာလို တို့အား တွဲပေး ခဲ့ သည်။ ဂိုးသမား ဘူဖွန်နှင့် အတူ နောက်တန်း ခံစစ် တွင်တော့ အဘာတီ ဘာဇာဂလီ၊ ဘိုနူချီ၊ ချီရယ်လီနီ တို့ကို ပွဲထွက်စေ ခဲ့ သည်။
ပွဲချိန် အစပိုင်း တွင် စပိန် အသင်း မှ အသာစီး ရနေခဲ့ကာ အီတလီ အသင်းဖက်သို့ အကြိမ်ကြိမ် တိုက်စစ်ဆင်မှု ပြုလုပ် ခဲ့ သည်။ စပိန် အသင်း၏ တိုက်စစ်ဆင်မှု သည် ထိရောက်မှု ရှိခဲ့ပြီး ပွဲချိန် ၁၄ မိနစ် တွင်ပင် ဦးဆောင်ဂိုး သွင်းယူနိုင် ခဲ့သည်။ အဆိုပါ ဂိုးကိုတော့ မန်စီးတီး ကွင်းလယ်လူ ဆေးလ်ဗား မှ သွင်းယူ ခဲ့ခြင်း ဖြစ်ပြီး အင်နီယက်စ်တာ ဖာဘရီဂတ်စ် တို့၏ တွဲလုံးမှ တဆင့် အပိုင် သွင်းယူ ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် စပိန် အသင်းမှပဲ ဆက်တိုက် ဆက်လက် ဖိကစားနေသော်လည်း တစ်ဂိုး ရှုံးနိမ့်နေသော အီတလီ အသင်း တိုက်စစ် ကို ပိုမို အားထည့် ကစားခဲ့သောကြောင့် ပိုမို မြိုင်ဆိုင် ခဲ့ သည်။
ပွဲချိန် ၂၁ မိနစ်တွင် အီတလီ နောက်ခံလူ ချီရယ်လီနီ ဒဏ်ရာ ရရှိ သွားခဲ့၍ ဘယ်ဇာရက်တီနှင့် လူစားလဲ ခဲ့ရ သည်။ ပွဲချိန် ၂၇ မိနစ်တွင် လူစားဝင် ကစားသမား ဘယ်ဇာရတ်တီ၏ ဖန်တီး ဖြတ်တင်မှု မှ တဆင့် ဘာလော့တယ်လီ အပိုင် ဂိုးသွင်းခွင့် ရရှိ ခဲ့သော်လည်း ကာဆီးလက်စ် လက်စွမ်းပြ ၍ ကာကွယ် သွားနိုင် ခဲ့ သည်။ ထို့နောက် ဆက်တိုက် ဆိုသလိုပင် တိုက်စစ်မှုး ကာဆာနို ကိုက် ၂၀ အကွာမှ အပြင်း ကန်သွင်း ယူခဲ့ပြန်သော်လည်း ကာဆီးလက်စ် လက်စွမ်းပြ ပုတ်ထုတ် ခဲ့ပြန်သည်။ ယနေ့ပွဲတွင် အီတလီ အသင်း အနေနှင့် တိုက်စစ်ဆင်ခွင့် ရရှိတိုင်း အဝေးကန်သွင်းမှု များ ဖြတ်တင်မှု များဖြင့် ဂိုးရယူရန် ကြိုးစား ခဲ့သော်လည်း ဘာလော့တယ်လီနှင့် ကာဆာနို တို့ မတွဲ မိ ခဲ့သောကြောင့် တိုက်စစ် ထိရောက်မှု နည်းပါး ခဲ့ သည်။
ပွဲချိန် ၃၈ မိနစ်တွင် ကာဆာနို၏ ခြေစွမ်းပြ ဖန်တီးမှု မှ တဆင့် ဘာလော့တယ်လီ လွတ်လွတ် ကျွတ်ကျွတ် ဆွဲဝင် ကန်သွင်း ခွင့် ရခဲ့သော်လည်း လောကြီးနေ ခဲ့သဖြင့် ဂိုးပေါက် လွဲချော် ခဲ့ပြန်သည်။ အီတလီ အသင်း အတွက် နစ်နာမှု များ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး နောက်သုံး မိနစ် အကြာတွင် တန်ပြန် တိုက်စစ်မှ တဆင့် စပိန် အသင်းအား ဒုတိယ ဦးဆောင်ဂိုး ပေး ခဲ့ရ ပြန်သည်။ ယင်း ဂိုးကိုတော့ စပိန် အသင်း၏ ကွင်းလယ် ဖန်တီးရှင် ကစားသမား ဇာဗီ၏ လှပသော ဖန်တီးမှု မှ တဆင့် တိုက်စစ် လိုက်ပါလာသည့် နောက်ခံလူ အယ်လ်ဘာ အပိုင် ကန်သွင်းယူ ခဲ့ခြင်း ဖြစ်သည်။ စပိန် အသင်း၏ နောက်ခံလူ အယ်လ်ဘာ သည် အီတလီ နောက်ခံလူ နှစ်ဦးကြားမှ လူကျွံဖောက်ထွက်နိုင် ခဲ့ပြီး ဘူဖွန်နှင့် တစ်ဦးချင်း အတွေ့ အပိုင် အဆုံးသတ်နိုင် ခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲတွင် စပိန် အသင်းသည် ဂိုးသွင်းခွင့် များ များစွာ ဖန်တီးနိုင် ခဲ့ကာ အသုံးချနိုင် ခဲ့သလို အသင်းခေါင်းဆောင် ဂိုးသမား ကာဆီးလက်စ် သည်လည်း အီတလီ အသင်း၏ ဂိုးသွင်းယူမှု အများအပြား ကို လက်စွမ်းပြ ပုတ်ထုတ် ကာကွယ်နိုင် ခဲ့ သည်။ ပွဲချိန် ၄၁ မိနစ်တွင် အီတလီ ကွင်းလယ်လူ မွန်တိုလီဗို အဝေးမှ အပြင်းကန်သွင်း၍ ခြေပဂိုး ရရန် ကြိုးစား ခဲ့သော်လည်း ကာဆီးလက်စ် မှ အံ့ဖွယ် ကာကွယ် သွား ခဲ့ပြန် တာကြောင့် အီတလီ အသင်း ဂိုးကံခေ ခဲ့ပြီး ပထမပိုင်း ပွဲချိန် ပြီးဆုံး ခဲ့ သည်။
ဒုတိယပိုင်း တွင် အီတလီ အသင်း တိုက်စစ် အပြောင်းအလဲ လုပ်ခဲ့ပြီး ကာဆာနို အစား ဒီနာတယ်လီ အား ဝင်ရောက် ကစားစေ ခဲ့ သည်။ ဒီနာတယ်လီ ဝင်ရောက် ကစားပြီး ဒုတိယ ပိုင်း ပွဲအစ တွင်ပင် ဂိုးရရှိရန် နီးစပ် ခဲ့သော်လည်း အဘာတီ၏ ဖြတ်တင်ဘော ကို ခေါင်းတိုက် သွင်းယူ ခဲ့ရာ ဂိုးဘားပေါ်မှ အနည်းငယ် ကပ်ကျော် သွားခဲ့သဖြင့် အပိုင် အခွင့်အရေး လက်လွှတ် ခဲ့ရ သည်။ စပိန် အသင်းသည် ၂ ဂိုးပြတ် အနိုင် ရရှိနေသော်လည်း တိုက်စစ် ဆင်မှု မလျှော့ချ ခဲ့သလို အီတလီ အသင်းသည်လည်း တိုက်စစ် မြှင့်တင် ကစားခဲ့သောကြောင့် နှစ်ဖက် အသင်း တိုက်စစ် ကစားသမား များ ဂိုးသွင်းခွင့် များ ပိုမို ရရှိ လာခဲ့သည်။
ပွဲချိန် မိနစ် ၅၀ တွင် ရာမို့စ်၏ ခေါင်းတိုက်ချက် အီတလီ ဂိုးဧရိယာ ထဲတွင် ဘိုနူချီ ၏ လက်နှင့် ထိခဲ့သော်လည်း ကွင်းလယ်ဒိုင် မှ ပင်နယ်တီ မသတ်မှတ်ပေး ခဲ့သဖြင့် စပိန် အသင်း အတွက် နစ်နာ ခဲ့ သည်။ ဆက်တိုက် ဆိုသလိုပင် အီတလီ အသင်း တန်ပြန် တိုက်စစ်မှ တဆင့် ဒီနာတယ်လီ ကာဆီးလက်စ်နှင့် တစ်ဦးချင်း အတွေ့ အပိုင် ကန်သွင်း ခဲ့သော်လည်း ကာဆီးလက်စ် ကာကွယ် သွားခဲ့ ပြန်သည်။ ထို့နောက်တွင်တော့ အီတလီ အသင်း၏ ကွင်းလယ် ကစားအား အနည်းငယ် ကျလာခဲ့ပြီး စပိန် အသင်း ပိုမို အသာစီး ရလာခဲ့ သည်။ ပွဲချိန် မိနစ် ၆၀ တွင် အီတလီ အသင်းဖက် မှ မွန်တိုလီဗို အစား မော့တာ ဝင်ရောက် ကစားခဲ့ သလို စပိန် အသင်းဖက် မှ ဆေးလ်မား အစား ပီဒရို အစားဝင် လာခဲ့ သည်။
၎င်း နောက်တွင် စပိန် အသင်း ကစားအား ချကာ ဘောလုံးကို မပျက်မသွားစေ ခဲ့ပဲ ကစားကွက် အသာစီး ယူ ကစားနေသည်ကို တွေ့ခဲ့ရပြီး အီတလီ အသင်း ရုန်းကန် နေခဲ့ရ သည်။ ကွင်းလယ် ကစားအား ကောင်းသော စပိန် အသင်းဖက် တွင် တောင်ပံ ကစားသမား ပီဒရို ဝင်ရောက် လာသည်မှာ ထိရောက်မှု ရှိခဲ့သည်ဟု ယူဆရဖွယ် ရှိပြီး ဖာဘရီဂတ်စ် အစား တောရက်စ် ဝင်ရောက် ကစားပြီးနောက် စပိန် အသင်း၏ တိုက်စစ် ကစားပုံ ပိုမို တိုးတက်လာ ခဲ့ သည်။ တောရက်စ်ဝင်ရောက် ကစားပြီး ၈ မိနစ်အကြာ ပွဲချိန် ၈၄ မိနစ်တွင် ဇာဗီ၏ ဖန်တီးမှု မှ တဆင့် အီတလီ လူကျွံထောင်ချောက်ကို ဖောက်ထွက် ကာ ဂိုး ညာဖက်ထောင့်သို့ အနိမ့်ဘော ကန်သွင်းယူနိုင် ခဲ့ပြီး စပိန် အသင်းအတွက် တတိယ အနိုင်ဂိုး ရရှိစေ ခဲ့ သည်။
စပိန် အသင်း၏ တိုက်စစ်ဆင်မှု များ အရပ်တန့်ခဲ့သလို ဂိုးသွင်းယူမှုလည်း မရပ်တန့် ခဲ့ချေ။ ပွဲချိန် ၈၇ မိနစ်တွင် အင်နီယက်စတာ အစား မာတာ ဝင်ရောက် ကစားခဲ့ပြီး စက္ကန့်ပိုင်းမျှ အကြာ ဘောလုံးနှင့် စတင်ထိတွေ့ ခဲ့ချိန်တွင် စပိန် အတွက် စတုတ္ထမြောက် အနိုင်ဂိုး သွင်းယူပေးခဲ့ပြန် သည်။ ၎င်း ဂိုးကိုတော့ တတိယ ဂိုးသွင်းယူသူ တောရက်စ်၏ တကိုယ်ကောင်း မဆန်မှု မှ ရရှိခဲ့ခြင်း ဖြစ်ပြီး ၎င်း ကိုယ်တိုင် အပိုင် ပိတ်သွင်းခွင့် ရရှိခဲ့သော်လည်း မာတာကို ဖန်တီး ဂိုးသွင်းစေ ခဲ့ခြင်း ဖြစ်သည်။ လက်ကျန် မိနစ် များတွင် စပိန် အသင်း သည် တိုက်စစ်ဆင်မှု များ ဆက်လက် ပြုလုပ် ခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင် ခဲ့ကာ လက်ရှိချန်ပီယံ ဘွဲ့ကို ကာကွယ် သွားခဲ့ သည်။
ယခုပွဲ ရလဒ်ကြောင့် သမိုင်း တစ်လျှောက် သမိုင်းဝင် အောင်ပွဲ မျိုး စပိန် အသင်း ပိုင်ဆိုင် ခဲ့ပြီး နောက်ဆုံး အထင်ကရ ပြိုင်ပွဲ သုံးရပ်တွင် ဂျာမဏီ ဟော်လန် နှင့် ယခု အီတလီ တို့ကို အနိုင်ယူကာ ချန်ပီယံဘွဲ့များ ရယူနိုင် ခဲ့သည်။ ထို့အပြင် အသင်းခေါင်းဆောင် ကာဆီးလက်စ် သည်လည်း စံချိန် သစ် တင်ခဲ့ပြီး ယူရို ပြိုင်ပွဲတွင် ၄၉၄ မိနစ် ဆက်တိုက် ပေးဂိုး မရှိခဲ့သော ဂိုးသမားကြီး ဒီနိုဆော့ဗ် ၏ စံချိန်ကို ၅၁၀ မိနစ်ကြာ ဂိုးမပေးရစေအောင် စွမ်းဆောင် ခဲ့ကာ စံချိန် ချိုးခဲ့ခြင်း ဖြစ်သည်။ ကာဆီးလက်စ် နောက်ဆုံး ဂိုးပေး ခဲ့ရသော ဂိုးကို အီတလီ အသင်းနှင့် အုပ်စု အဖွင့်ပွဲစဉ်တွင် ပေးခဲ့ရခြင်း ပင် ဖြစ်ပြီး တိုက်စစ်မှုး ဒီနာတယ်လီ မှ သွင်းယူခဲ့ခြင်း ဖြစ်သည်။ စပိန် အသင်း အနိုင်ရယူခဲ့သည့် ၄ ဂိုးပြတ် ရလဒ် သည်လည်း ယခု ယူရိုပြိုင်ပွဲ၏ သမိုင်း တစ်လျှောက်တွင် အကြီးမားဆုံးသော ဗိုလ်လုပွဲ ရလဒ် အဖြစ် သမိုင်း ဝင်ခဲ့ သည်။
Ref: myanmarstriker
Ref: myanmarstriker
0 comments:
Post a Comment