ဟွဏ်းဘီးလ် ။ ။ သြဂုတ်လ (၁၅) ရက်၊ ၂၀၁၂ ခုနှစ်တွင် ကလေးမြို့ တက္ကသိုလ် (၃) ခုမှ ကျောင်းသား (၇၀) ကျော်သည် ဆိုင်ကယ်များအား ယာဉ်စည်းကမ်းအရ သတ်မှတ်ထားသော ဦးထုပ်များကို မေးသိုင်းကြိုးတပ်ပြီး စီးနင်းရန် တိုက်တွန်းနှိုးဆော်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေသည့်လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြကြောင့် သိရသည်။
ချင်းကျောင်းသား သမဂ္ဂခေါင်းဆောင် တာန်-ဇမ်ထွာမ် မှ- “ကလေးမြို့မှာ ဆိုင်ကယ်စီးရေ အတော်များတယ်။ ပြီးတော့ ဆိုင်ကယ်စီးသူတွေက အတော်များပေမယ့် ဆိုင်ကယ်ဦးထုပ် ကို သေချာဆောင်းပြီး စီးတဲ့သူ အတော်နည်းပါတယ်။ များသောအားဖြင့် ကျောင်းသားတွေက မဆောင်း ချင်ကြဘူး။ ဆိုင်ကယ်မတော်တဆဖြစ်မှုမှာ အသက်ဆုံးရှုံးခဲ့သူအများစုက ဆိုင်ကယ်ဦးထုပ်မဆောင်း လို့ပါ။ နှစ်တိုင်းနှစ်တိုင်းမှာ မတော်မဆမှုကြောင့် သေခဲ့ရတဲ့ ကျောင်းသားတွေက မနည်းပါဘူး။ ဒါကြောင့် အခုလိုမျိုးလက်ကမ်းစာစောင်တွေကို ဝေငှပြီး လူ့အသက်ကယ်တဲ့ လှုပ်ရှားမှုအဖြစ် ခံယူလုပ်ဆောင် သွားတာပါ” ဟု Chin World Media သို့ပြောသည်။
ဤလုပ်ရှားမှုအတွက် ကလေးတက္ကသိုလ် ပါမေက္ခချုပ်မှ ကျပ်ငွေ (၂၀၀၀၀) လှူဒါန်းသည်ဟု သိရပြီး ကျောင်းသား/သူများနှင့် စေတနာရှင်များမှ ထည့်ဝင်မှုဖြင့် လက်ကမ်းစာစောင် ပြုလုပ်ခဲ့ဖြစ်သည်ဟု သိရသည်။ လှုပ်ရှားမှုအား နံနက် (၈) နာရီမှ စတင်ခဲ့ကြပြီး၊ တက္ကသိုလ်များ၏ ကျောင်းပေါက်ဝတွင် စာစောင်များကို ဝေငှခြင်း၊ မြို့တွင်း နေရာ (၃) ခုဖြစ်သော ကမ္ဘောဇဘဏ်ရှေ့၊ ကလေး-ဂန့်ဂေါလမ်းခွဲဖက်နှင့် တာဟန်းရပ်ကွက်များတွင် ဝေငှခဲ့သည်ဟု လှုပ်ရှားမှုအား ဦးဆောင်သူများမှ Chin World သို့ပြောသည်။
ဤလှုရှားမှုအား တက္ကသိုလ်အသီးသီးမှ ဆရာ/မများမှ ထောက်ခံမှုပေးခဲ့ပြီး ယာဉ်ထိန်းရဲများမှလည်း အကူအညီပေးခဲ့သည်ဟု သိရသည်။
ကလေးမြို့ တက္ကသိုလ် ကျောင်းသူကျောင်းသားများ ဖြန့်ဝေ ခဲ့သော ယင်းလက်ကမ်း စာစောင်မှ အ၀ါရောင်ဖြစ် ပြီး ကိုယ့်အသက်ကိုကယ်ပါ ဆိုသည့်ခေါင်းစဉ် ပါသည့် ဆိုင်ကယ်ဦးထုပ် ဆောင်းရန် တိုက်တွန်း သော စာတမ်း တစ်ခု နှင့် ကညန မှ ပြုလုပ် သည့် ယာဉ်မောင်းသူ လက်စွဲ စာအုပ် စာမျက်နှာ၂၆ နှင့်၂၇ ပါ ဆိုင်ကယ် မောင်းနှင်သူ များ လိုက်နာရန် ဆိုသည့် စည်းကမ်း ချက် များ ပါသော စာရွက်ငယ် ဖြစ် ပါ သည်။
ဤအစီအစဉ်အားဦးဆောင်သော ချင်းကျောင်းသားသမဂသည် မတ်လ (၄) ရက်၊ ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ဤလှုပ်ရှားမှုမှာ ပထမဆုံးလှုပ်ရှားမှုဖြစ်ကာ စာရွက်ရေ (၅၀၀၀) ဖြန့်ဝေခဲ့သည်ဟု သိရသည်။ Ref: Chin World Media, Photos: The Voice
0 comments:
Post a Comment