ဟွဏ်းဘီးလ်။ ။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့တွင် ချင်းပြည်၊ တီးတိန်းမြို့၌ ဖွင့်လှစ်တော့မည့် ချင်းအမျိုး သားတပ်ဦး (CNF) ၏ ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းအား Tedim Youth Followship (TYF) မှ ဦးဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြဖော်ထုတ်သွားမည်ဟု Chin World Media မှ သိရသည်။
ချင်းအမျိုးသားတပ်ဦး (CNF) ၏ တီးတိန်မြို့ ဆက်ဆံရေးရုံးဖွင့်ခြင်းနှင့် စပ်လျဉ်း၍- Tedim Youth Fellowship (TYF) သည် စက်တင်ဘာလ (၁၉) ရက်နေ့တွင် မြို့နယ်ရဲစခန်းသို့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် အား ခွင့်ပြုချက်တောင်းခံခဲ့ရာ လူဦးရေများလွန်းခြင်း၊ တခုတည်းသောလမ်းမကြီးဖြစ်သော ဟောက်ကမ်း လမ်းအား အသုံးပြုခွင့်မပေးနိုင်ခြင်း၊ ဆန္ဒပြရန်တောင်းဆိုသည့် (၅) နာရီမှာ များလွန်းပြီး၊ အများပြည်သူများ သွားလာရေးအနှောင့်အယှက်ဖြစ်စေခြင်း စသည့် အချက်များဖြင့် ဆန္ဒပြခွင့်အား ငြင်းပယ်ခဲ့သည်ဟု သိရသည်။
ထို့နောက် TYF မှ ငြိမ်းချမ်းစွာ ဆန္ဒပြမည့် သူဦးရေအား (၂၀၀) အထိလျော့ချပြီး၊ တခုတည်းသော လမ်းမကြီးဖြစ်သည့် ဟောက်ကမ်းလမ်းအား အသုံးမပြုပဲ၊ စကောလမ်းရပ်ကွက်၊ ကျောက်တိုင်လမ်း၊ ရဲကုန်းအောက်စည်ပင်လမ်း၊ ပဆငလမ်း နှင့် မြို့နယ်အထွေထွေရုံးစသည်များတွင် သာ ဆန္ဒပြမည်ဖြစ်ပြီး၊ အချိန်အားလည်း (၅) နာရီမှ (၃) နာရီသို့ လျော့ချမည်ဖြစ်ကြောင်း TYF ဥက္ကဌ Pu Nung Sian Tuang နှင့် ဒုဥက္ကဌ- လို့လမ့်မုန် တို့၏ လက်မှတ်ဖြင့် အယူခံဝင်ခဲ့ရာ မြို့နယ်ရဲစခန်းမှ စက်တင်ဘာလ (၂၃) ရက် ညနေတွင် ခွင့်ပြုလိုက်ပြီဟု Pu Nung Sian Tuang မှ ပြောသည်။
ချင်းအမျိုးသားတပ်ဦးသည် ဦးသိန်းစိန်အစိုးရနှင့် ဇန်န၀ါရီလ (၆) ရက်နေ့တွင် ဟားခါးမြို့၌ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ အချက် (၁၅) ချက်ပါ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့သည်။ ထိုအထဲတွင် ထန်တလန်၊ မတူပီနှင့် တီးတိန်မြို့များတွင် ချင်းအမျိုးသားတပ်ဦး၏ ဆက်ဆံရေးရုံများ ဖွင့် လှစ်ရေးသည်လည်း တခုအပါအ၀င် ဖြစ်သည်။
ထိုသို့ သဘောတူညီချက်အရ- မတူပီမြို့တွင် ဇွန်လ (၂၃) ရက်နှင့် ထန်တလန်မြို့တွင် ဇွန်လ (၂၉) နေ့များ၌ CNF ၏ ဆက်ဆံရေးရုံးများအား ဖွင့်လှစ်နိုင်ခဲ့သည်။
တီးတိန်မြို့တွင်မူ တီးတိန်ဒေသခံ လက်မှတ် (၇၀၀၀၀) ကျော်ဖြင့် တီးတိန်မြို့တွင် ချင်းအမျိုးသားတပ်ဦး ဆက် ဆံရေးရုံးဖွင့်လှစ်ခြင်း ကန့်ကွက်မှုအား သမ္မတ ဦးသိန်းစိန်ထံသို့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ပေး ပို့ခဲ့သည်။ ထို့ပြင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) မှ လည်း သမ္မတ ဦးသိန်းစိန်နှင့် သြဂုတ်လ (၄) ရက်နေ့ တွေ့ဆုံမှုတွင်လည်း ထပ်မံတင်ပြခဲ့သည်။
ရုံးဖွင့်မည့်ကိစ္စအား လက်ထောက် အထွေထွေအတွင်း ရေးမှူး (၃) Pu Khua Uk Lian မှ ခေါင်းဆောင်မည် ဖြစ်ပြီး ချင်းအမျိုးသား တပ်ဦးဘက်မှ Col. Solomon, Pu Zam Suan Dal, Pu Bawi Sum, Pu Kung Ling, Pu Hau Kang (Office Director, တီးတိန်ဆက်ဆံရေး ရုံး), Pu Go Khen Nang, Pu GS Mang, Pu Thang Khen Kap, Pu Mang Suan Tuang နှင့် Pi Cing Khan Dim တို့ပါဝင်မည်ဖြစ်ကာ အစိုးရအဖွဲ့ ကိုယ်စားလှယ် အချို့နှင့်ပူးပေါင်းမည်ဖြစ်ကြောင်း Chin World Media တွင် စက်တင်ဘာလ (၁၅) ရက်နေ့၌ ဖော်ပြခဲ့သည်။Ref: Chin World
0 comments:
Post a Comment