Saturday, April 21, 2012

မသင် မနေရ မူလတန်း ပညာရေး ဝန်ကြီးဌာန ကူညီမည်

20 Apr 2012  |By Popular News

တစ်နိုင်ငံလုံးရှိ မူလတန်း ကျောင်းနေ အရွယ် ကလေးများ ပညာ ဆည်းပူးနိုင် ရန်အတွက် ထောက်ပံ့ ကူညီမှုများ ပြုလုပ်သွားမည်ဟု ပညာရေး ဝန်ကြီး ဌာနမှ သိရသည်။ ''အရင်တုန်းက တစ်ရာမှာ ရှစ်ဆယ် တက်တယ်။ အခုဆိုရင် လာမယ့်နှစ်မှာ ၈၅-၉ဝ လောက် တက်နိုင်အောင် ဆောင်ရွက်သွားမယ်''ဟု ဒုတိယဝန်ကြီး ဦးအေးကြူ က ပြောသည်။

၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်အတွင်း မသင် မနေရ မူလတန်း စနစ်ကို အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ မူလတန်း အဆင့် ကျောင်းသား များအား ပြဋ္ဌာန်း စာအုပ်များအပြင် ကျောင်းသုံး ဗလာစာအုပ် အခမဲ့ ထောက်ပံ့ သွားမည်ဖြစ်ရာ မူလတန်း အဆင့် ကျောင်းနေကလေး တိုးတက် မြင့်မားရေး အတွက် ထိုထောက်ပံ့ ကူညီမှုများမှာ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ထပ်လောင်း ဆိုသည်။

''ဒါက မူလတန်း အဆင့်ပါ။ ကျောင်းနေ ကလေးတွေ တိုးဖို့ လုပ်ပေးတာမျိုး ဖြစ်တယ်။ နောက်ပြီးတော့ ဆင်းရဲ နွမ်းပါးပြီး ကျောင်း မတက်နိုင်တဲ့ ကလေးတွေ အတွက် ပညာရေး ဝန်ကြီးဌာန ကနေပြီးတော့ လာမယ့် ပညာသင်နှစ်မှာ ထောက်ပံ့ကြေး ပေးဖို့လည်း ရှိတယ်''ဟု ၄င်းကဆိုသည်။ နိုင်ငံရှိ မူလတန်း ကျောင်းနေ အရွယ် ကလေးငယ် အချို့ စာသင်ခန်း ပြင်ပ သို့ ရောက်ရှိကာ အလုပ်ခွင်ထဲသို့ ရောက်ရှိနေမှုအား ဆွဲထုတ်နိုင်မှ နိုင်ငံ၌ ပညာတတ် လူငယ်လူရွယ်များစွာ တိုးတက်နိုင်မည်ဟု မြန်မာ့ ပညာရေး စောင့်ကြည့် လေ့လာသူ အချို့က သုံးသပ်ကြသည်။

''ခုနစ်နှစ် ရှစ်နှစ် အရွယ် ကလေးငယ်တွေ စာသင်ခန်းမှာပဲ ရှိနေရမယ်။ အခု ဒီလို မဟုတ်ဘဲ မြို့ကြီးတွေနဲ့ နယ်မြို့အချို့တွေမှာ စားပွဲထိုး လုပ်နေရတာ၊ အိမ်ဖော် လုပ်နေရ တာတွေကို တွေ့ရတယ်။ ဒါတွေ မြင်နေရတာ စိတ် မသက်သာဘူး။ နိုင်ငံအနေနဲ့ ဒါတွေကို ကူညီ ပေးသင့်တယ်။ ဆိုလိုတာကတော့ သူတို့တွေကို စာသင်ခန်းထဲထိ ရောက်အောင် ဆွဲခေါ်ပေး ရမယ်'' ဟု မြန်မာ့ ပညာရေး စောင့်ကြည့်သူ တစ်ဦးကဆိုသည်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ အမျိုးသား စီမံကိန်း စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် စစ်တမ်း အရ နိုင်ငံ၌ မူလတန်း ပညာရေး ပြီးဆုံးမှုနှုန်း၊ မူလတန်း တက်ရောက်မှုနှုန်း မှာ ထွက်ပေါ်လာသည့် စာရင်းအရ အားရမှု မရှိဟု မြန်မာ့ပညာရေး လေ့လာ သူအချို့က ထောက်ပြသည်။

0 comments:

Post a Comment