Friday, May 18, 2012

ဆယ်ကျော်သက်တွေ ညာတဲ့အချိန်...

18 May 2012|By ထက်နေ

ဆယ်ကျော်သက်တွေ အကုန်လုံး ညာတတ်ကြပါတယ်။ ဒါအဆန်းတော့ မဟုတ်ပါဘူး။ လူတိုင်းလည်း ညာတတ် ကြလို့ပါပဲ။ ကျွန်တော်တို့တစ်တွေဟာ တစ်ဖက်လူရဲ့ ခံစားမှုကို လျော့နည်း စေချင်တဲ့ အခါတွေမှာ လိမ်ညာခြင်းအမှုကို ပြုလေ့ရှိကြပါ တယ်။

ဒါပေမဲ့ ဒါဟာအမြဲတမ်းအတွက် အမှန်တရားတစ်ခုတော့ မဟုတ်ပါဘူး။ တချို့အချိန်တွေမှာတော့ ကျွန်တော်တို့တစ်တွေဟာ တခြားတစ်ယောက် မိမိအပေါ်မှာ အထင်ကြီးစေလိုတဲ့အချိန်၊ ဝါကြွားလို တဲ့အချိန်၊ အကျပ်အတည်းက လွတ် မြောက်လိုတဲ့အချိန်စသည်ဖြင့် မိမိကိုယ်ကျိုးအတွက်လည်း လိမ်ညာခြင်းအမှုကို ပြုလေ့ရှိကြပါတယ်။ ဆယ်ကျော်သက်တွေလည်း ထို့အတူပဲဖြစ် ပါတယ်။

သူတို့ရဲ့သူငယ်ချင်း တခြားမြီးကောင် ပေါက်တွေလိုပဲ မိဘတွေကို ကလန်ကဆန် လုပ်ခြင်းမျိုးကဲ့သို့သော အမူအကျင့်တွေအတွက်သာ လိမ်ညာလေ့ ရှိတတ်ကြပါတယ်။ လူငယ်တွေဟာ လူကြီးတွေလောက် မလိမ်ညာတတ်ကြပါဘူး။ သူတို့ဟာ ပိုကောင်းတဲ့အခြေအနေတစ်ခုကို ရရှိဖို့လောက်အတွက်သာ လိမ်ညာလေ့ ရှိတတ်ကြပါတယ်။

ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့ကိုယ်ပိုင် အခွင့်အရေး၊ ကိုယ်ပိုင်အချိန်တွေကို အထိခိုက်မခံလိုတဲ့ အချိန်၊ မိဘတွေ သူတို့အပေါ်မှာ စိတ်ပျက်၊ စိတ်ဆိုးသွားမှာ စိုးရွံ့တဲ့အချိန်နဲ့ သူတို့နဲ့ မိဘတွေအကြား သဘောထား ကွဲလွဲမှုတွေ၊ တင်းမာမှုတွေ ဖြစ်ပေါ်လာမယ်လို့ခန့်မှန်းမိတဲ့ အချိန်မျိုးတွေမှာလည်း လိမ်ညာလေ့ ရှိကြပါတယ်။

ကျွန်တော်တို့ အနေနဲ့လည်း ရံဖန်ရံခါအချိန်တွေမှာ ကျွန်တော်တို့အတွက် ပိုကောင်းတဲ့ ရလဒ်တစ်ခုရနိုင်ဖို့အတွက်၊ ဒါမှမဟုတ် ဝိဝါဒကွဲပြားတဲ့ အခြေအနေတွေကို ရှောင်လွှဲနိုင်ဖိုအတွက် စသည်ဖြင့် အကြောင်းပြချက် များစွာဖြင့် လိမ်ညာနေမိကြပါတယ်။ လိမ်ညာခြင်းဆိုတဲ့ အပြုအမူဟာ မကောင်းမှုကိုပြုလုပ်ခြင်းလို့ ယေဘုယျ ကျကျ လက်ခံ ထားကြပေမယ့် တချို့ အခြေအနေနဲ့ အချိန်အခါတွေမှာတော့ ခွင့်လွှတ်လို့ ရနိုင်လောက်တဲ့ အကြောင်းရင်းတွေ ရှိနေပြန်ပါတယ်။ တချို့ ဆယ်ကျော်သက်တွေ လိမ်ညာရခြင်းရဲ့နောက်ကွယ်မှာ အဓိကကျတဲ့ အကြောင်းရင်းတွေရှိနေ တတ်ပါတယ်။

ဥပမာအားဖြင့် မိသားစုအတွင်း ဆက်ဆံရေး ပြိုလဲမယ့် အခြေအနေမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို နားလည်ပေးနိုင်ဖို့ အရင်ဦးဆုံး ကြိုးစားသင့်ပြီး လိမ်ညာရခြင်းရဲ့ အဓိက အကြောင်းရင်းကို ရှာဖွေသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့လိမ်ညာမှုတွေဟာ ကြီးမားတဲ့ ပြဿနာကြီးတွေရဲ့  ရှေ့တော်ပေးတွေ ဖြစ်နေတတ် လို့ပါပဲ။

လိမ်ညာရခြင်းတွေရဲ့ခေါင်းစဉ်တွေဟာ မနာလိုခြင်း၊ စိတ်ပျက်စရာကောင်း ခြင်း၊ မိမိကိုယ်မိမိ အားမရခြင်း၊ ဒေါသထွက်ခြင်းတွေအပြင် မိဘတွေရဲ့  ပစ်ပယ်ထားမှုကို ခံရခြင်းနဲ့ မိဘတွေရဲ့ အိမ်ထောင်ရေး ပြိုကွဲခြင်းတွေကြောင့် ဖြစ်နေတတ်ပါတယ်။ ဂရုစိုက်မှုကို ရယူလိုခြင်း၊ အပြစ်ပေးခံရခြင်းမှ လွတ်မြောက် လိုခြင်းနဲ အခြားသူများရဲ့ အထင်ကြီးမှုကို ခံယူလိုခြင်းစတဲ့ လိမ်ညာခြင်းရဲ့ အခြေခံအချက်တွေကလည်း အထူးပဲအရေးကြီးပြီး လက်တွေ့ကျလှပါတယ်။

Teenager လို့ ခေါ်ကြတဲ့ ဆယ်ကျော်သက် မြီးကောင်ပေါက်အရွယ်ကို ဖြတ်သန်းရတဲ့ အချိန်တွေဟာ ကလေးဘဝကနေ လွတ်မြောက်စပြုလာတဲ့ အသက်အရွယ်ပိုင်းဖြစ်ပြီး မိဘတွေနဲ့ အတူတူရှိနေတဲ့ အချိန်တွေ တဖြည်းဖြည်းလျော့နည်း လာကာ သက်တူရွယ်တူ တခြားဆယ်ကျော်သက်တွေနဲ့ အတူနေချိန် ပိုများလာပြီး ခံစားချက်တွေကို အချင်းချင်း မျှဝေခံစားတတ်လာတဲ့ အချိန်ဖြစ် ပါတယ်။

သူတို့တစ်တွေဟာ သူငယ်ချင်းတွေနဲ့ အချိန်ပိုဖြုန်းလာပြီး အထူးသဖြင့် မိဘတွေ ကန့်ကွက်မယ်လို့ သူတို့ထင်မှတ်ထားတဲ့ အမူအကျင့်တွေနဲ့ အပြုအမူတွေကို မိဘတွေကွယ်ရာမှာ ပြုလုပ်လာတတ်ကြတဲ့ အရွယ်တွေ ဖြစ်ပါတယ်။ သူတို့တွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးလာမှုကြောင့် အကျင့်စာရိတ္တဆိုင်ရာနဲ့ တာဝန်ယူတတ်ခြင်း စတဲ့ စဉ်းစား တွေးခေါ်မှုတွေကိုလည်း ပြုလုပ်လာကြပါ တယ်။ အဲဒီလို စဉ်းစားရခြင်းတွေမှာလည်း မွေ့လျော်လာတတ်ကြပါတယ်။

သူတို့ရဲ့ကိုယ်ပိုင် စဉ်းစားတွေးခေါ်မှုတွေဟာ မိဘတွေရဲ့ စဉ်းစားတွေးခေါ်မှုတွေနဲ့  ကွဲလွဲချက်တွေ ရှိနေတယ်လို့ စတင်ယုံကြည်လာကြပြီး မိဘတွေရဲ့ အုပ်ထိန်းမှုအပေါ်မှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။

အဲဒီလို ဦးနှောက်ဖွံ့ဖြိုးတိုးတက်လာ တာနဲ့အလျောက် တစ်စုံတစ်ယောက်ရဲ့စဉ်းစားတွေးခေါ်မှုတွေ အပေါ်မှာလည်း ပိုမိုမျှော်လင့်လာကြပြီး အကျိုးရလဒ်အနေနဲ့ တာဝန်ယူတတ်ခြင်းနဲ့ ပြန်လည်တုံ့ပြန်ခြင်း( Response)တွေ ပိုအားကောင်းလာပြီး အချို့ကိစ္စရပ်တွေမှာတော့ ယုတ္တိရှိရှိလိမ်ညာ တတ်လာခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မိမိရဲ့ ဆယ်ကျော် သက်ဟာ လိမ်ညာတတ်နေပြီလို့ ခံစားမိနေရင်ပဲဖြစ်ဖြစ်၊ မိမိကို ညာပြောတတ်နေတဲ့ ကိုယ်ရဲ့ကလေးနဲ့ ရင်ဆိုင်ဖို့ပဲဖြစ်ဖြစ် အသုံးဝင်မယ့် နည်းလမ်းကောင်းတချို့ အကြံပေးချင်ပါတယ်။

မိမိစိတ်တည်ငြိမ်ဖို့အတွက် အချိန်အနည်းငယ်ယူလိုက်ပါ။ မိမိဖြစ်ချင်တဲ့ အခြေအနေနဲ့ မိမိကလေးနာယူစေချင်တဲ့ ပုံစံကို စဉ်းစားသုံးသပ်ပါ။ ဥပမာအားဖြင့် မိမိရဲ့ကလေးဟာ လူအများရဲ့စိတ်ဝင်စားမှုကို ရယူလိုတဲ့အတွက် လိမ်ညာနေပြီး မိမိအနေနဲ့ အခုလို လိမ်ညာခြင်းနဲ့ သူဖြစ်ချင်တဲ့ ပုံစံမျိုးမရရှိနိုင်ဘူးဆိုတာကို သင်ပေးချင်တယ် ဆိုကြပါစို့။
"သမီး သူငယ်ချင်းတွေကို လိမ်ညာနေတာ ဖေဖေ ကြားတယ်။ တကယ်လို့များ သမီးသူငယ်ချင်းတွေက သမီးပြောတာတွေ အမှန်မဟုတ်ဘူးဆိုတာကို သိသွားတဲ့ အချိန်ကျရင် သမီးကိုဝိုင်းလှောင်ကြမှာကို ဖေဖေစိတ်ပူမိတယ်။ သမီးပြော လိုက်တဲ့ ကိစ္စတစ်ခုအတွက် သမီးအစအဆုံးစဉ်းစားပြီးပြီလား" ဆိုတာမျိုး ပြောသင့်ပါတယ်။

တကယ်လို့သင်ရဲ့သားက သူအပြစ်လုပ်မိတဲ့ ကိစ္စတစ်ခုအတွက် သင့်ကိုလိမ်ပြောဖို့ ကြိုးစားနေပြီဆိုရင် လိမ်ညာပြောခြင်းက သူ့အတွက် အကျိုးမရှိနိုင်ကြောင်းနဲ့ အမှန်အတိုင်းဖွင့်ပြောခြင်းက သက်သာရာရနိုင်ကြောင်း သင့်အနေနဲ့ရှင်း ပြသင့်ပါတယ်။ "သားဖေဖေ့ကို ညာပြောတဲ့အတွက် ဖေဖေဘယ်လောက် စိတ်ထိခိုက်ရမယ် ဆိုတာကို ဘာလို့မစဉ်းစား ခဲ့သလဲ၊ အခုလို ညာပြောလိုက် တဲ့အတွက် သားဘယ်လိုခံစားရလဲ၊ သားအခုလို ညာပြောလိုက်တဲ့အတွက် တစ်ဖက်သား ဘယ်လောက်အထိ ထိခိုက်သွားမယ်ဆိုတာ သားသိလား" စတဲ့ မေးခွန်းမျိုးတွေနဲ့ လိမ်ညာပြောတတ်ခြင်းဟာ မကောင်းမှုကို ပြုခြင်းဆိုတဲ့ အတွေးမျိုးတွေးမိဖို့အတွက် လမ်းပြပေးရပါမယ်။

ကလေးရဲ့ ဆယ်ကျော်သက် အရွယ်တစ်လျှောက်လုံးမှာ ရိုးသားခြင်းနဲ့ ယုံကြည်မှုဆိုတဲ့ အကြောင်းအရာတွေကို မကြာခဏဆွေးနွေးပေးပါ။ "သမီးတကယ်လို့ လိမ်ညာခဲ့မယ်ဆိုရင် သမီးကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်း စောင့်ရှောက်နိုင်လိမ့်မယ်လို့ ဖေဖေမယုံကြည်နိုင်ဘူး။ အဲဒီလိုပဲ ဖေဖေသိ သင့်တဲ့အကြောင်းအရာတွေ မှန်သမျှ မသိရဘူးဆိုရင် သမီးအတွက် ဖေဖေ လုပ်ပေးနိုင်တာတွေ ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး" လို့ သူ နားလည်သဘောပေါက်အောင် ပြောပြပါ။

ရိုးသားမှုနဲ့ ယုံကြည်မှုတွေဟာ လူတစ်ဦးနဲ့ တစ်ဦးအကြား ယုံကြည်မှု တည်ဆောက်ဖို့အတွက် ဘယ်လောက်အရေးကြီး တယ်ဆိုတာကို ပြောပြပါ။ ရှင်းလင်း ပြတ်သားတဲ့ ကန့်သတ်ချက်တွေနဲ့ စည်းမျဉ်းစည်းကမ်း တွေချမှတ်ပါ။

ဒါပေမဲ့ သူတို့ လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ အတွင်းမှာပဲ ရှိပါစေ။ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေ ရှိလာရင်လည်း စေ့စပ်ဆွေးနွေးဖို့အတွက် နွေးနွေးထွေးထွေး ရှိနေပါစေ။ ဒီအချက်ဟာ သင်က သူ့အပေါ်မှာ ယုံကြည်မှုရှိတယ်လို့ သူ့အတွေးမှာ သက်ရောက်စေမှာ ဖြစ်ပါ တယ်။

သင့်ကလေးနဲ ဆွေးနွေးပြီးတဲ့ အချိန်တိုင်းမှာ သင့်ရဲ့စည်းကမ်းချက်တွေကို ပြန်ပြင်ဖို့ မလိုပါဘူး။
ဒါပေမဲ့ သူရဲ့အကျိုးသင့်၊ အကြောင်းသင့် ရှင်းပြတာကို စိတ်ရှင်းရှင်းနဲ့ နားထောင်ပေးပါ။ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် အခြေအနေတစ်ခုကို ရွေးချယ်ပါ။ မိမိကလေး လိမ်ညာရခြင်းရဲ့ အကြောင်းရင်းကို နားလည်နိုင်အောင် ကြိုးစားပါ။

အဲဒီနောက်မှာ ဖြေရှင်းနိုင်အောင် အားထုတ်ပါ။ ဘယ်အချိန်ကစပြီး လိမ်ညာခဲ့သလဲဆိုတာ စဉ်းစားပါ။ သင့်ကလေး ဘာကြောင့် ညာနေတယ်ဆိုတာနဲ့ ဘယ်သူ့ကို ညာနေတယ်ဆိုတာကို သိနိုင်အောင် ကြိုးစားပါ။ အိမ်မှာ အမှန်အတိုင်း ပြောနိုင်အောင်၊ ပြောရဲအောင် ပြုလုပ်ပေးပါ။ သူလိမ်ညာမိတဲ့အတွက် သင်က သူ့အပေါ်မှာ အရင်လိုမချစ်တော့ဘူးလို့ အထင်မရောက်အောင် အားပေးနှစ်သိမ့်ပါ။

အမှန်အတိုင်း ပြန်ပြင်နိုင်ဖို့အတွက် ကူညီပေးပါ။ တကယ်လို့ သူလိမ်ညာခဲ့ရင်လည်း အဲဒီအပြုအမူကြောင့် သင်စိတ်ထိခိုက် ရတယ်ဆိုတာ ပေါ်လွင်ပါစေ။

ဒါပေမဲ့ သူ့ဘက်က ပြုပြင်လာခဲ့မယ်ဆိုရင် လှိုက်လှိုက် လှဲလှဲကြိုဆိုပြပါ။ သူတို့တွေရဲ့လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတဲ့ စဉ်းစားတွေးခေါ်နိုင် မှုစွမ်းရည်နဲ့ ပြင်ပလူနေမှုဘဝကို ဂရုပြုမိလာတဲ့ အခြေအနေတွေကြောင့် ဆယ်ကျော်သက်တွေဟာ မိဘတွေနဲ့ အုပ်ထိန်းသူတွေရဲ့  စည်းကမ်းတွေကို တော်လှန်ချင်စိတ်ဖြစ်လာ ကြပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင်လည်း တတ်နိုင်သမျှ ရိုးသားဖြောင့်မတ်စွာနေထိုင်ပြပါ။

တကယ်လို့ သင့်အနေနဲ့ မပြုလုပ်နိုင်ဘူးဆိုရင် တောင်မှ သင့်ကလေးနဲ့ ဆွးနွေးတဲ့အခါမှာ နွေးနွေးထွေးထွေးဆက်ဆံပါ။ တကယ်လို့သင်ရဲ့ကလေးဟာ ဆိုးဆိုးရွားရွား လိမ်ညာတတ်နေပြီ ဆိုရင်၊ သူ့အတွက် အန္တရာယ်ရှိ လောက်အောင် ဒီအပြုအမူက စွဲကပ် နေပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ ကမ္ဘာကြီးမှာ ဆယ်ကျော်သက်တွေ အတွက် ကောင်းကျိုးတွေနဲ့ ဆိုးကျိုးတွေဟာ အမြဲတွဲလျက်ပါပဲ။

ကျွန်တော်တို့ကိုယ်တိုင်လည်း ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းလာခဲ့ပြီး လိမ်ညာခဲ့တဲ့ နေရက်တွေ ရှိခဲ့ကြပါတယ်။ ဒါကြောင့် မိမိရဲ့ကလေးဟာ လိမ်ညာနေတတ်ပြီဆိုရင် အလွန်အကျွံ စိတ်ပူပန်တာမျိုး၊ အပြစ်ပေးတာမျိုး မပြုလုပ်ဘဲ အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေနဲ့ ပြုပြင်ပြောင်းလဲနိုင်ပါ တယ်။ အဓိက အကျဆုံး အချက်အနေနဲ့ ကတော့ ဆယ်ကျော်သက်တွေရဲ့ စိတ်ခံစားမှုဟာ အလွန်ပဲထိခိုက်ခံစား လွယ်ပါတယ်။ သူတို့ လိမ်ညာမိခဲ့တာဟာ သူတို့ဘဝအတွက် ဖျက်မရတဲ့ အမည်းစက်တစ်ခုလို့ အတွေးရောက် မသွားစေဘဲ မိဘအုပ်ထိန်းသူတွေဘက်က လမ်းမှန်ပေါ်ရောက်အောင် ကူညီလမ်းပြပေးဖို့ပဲ လိုအပ်ပါတယ်လို့ ပြောပြချင်ပါတယ်။

0 comments:

Post a Comment