Monday, June 25, 2012

ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အင်္ဂလန်အား အနိုင်ယူခဲ့သည့် အီတလီ

ဟွဏ်းဘီးလ်။       ။ အကယ်၍ အီတလီနှင့် ပွဲတွင် ပင်နယ်တီ အဆုံးအဖြတ် ခံယူ ရပါက ရလဒ် ကောင်းစေရန် အာရုံစိုက် လေ့ကျင့် ထားသည်ဟု ကြွေးကြော် ခဲ့သော်လည်း အင်္ဂလန် အသင်းသည် လက်တွေ့တွင်မူ ပင်နယ်တီ အဆုံးအဖြတ်ဖြင့်ပင် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

အီတလီ အသင်းတွင် အန်တိုနီယို ကာဆာနို၊ မာရီယို ဘာလော့တယ်လီ၊ ဒန်နီရယ်လ် ဒီရော့ဆီ၊ ရီကာဒို မွန်တိုလီဗို၊ ကလော်ဒီယို မာချီစီယို၊ အန်ဒရီ ပီယာလို၊ ဖက်ဒရီကို ဘယ်လ်ဇာရက်တီ၊ လီယိုနာဒို ဘိုနူစီ၊ အန်ဒရီရာ ဘာဇာဂလီ၊ အစ်နာဇီယို အဘာတီ အစရှိသည့် ကစားသမားများ ပါဝင်ခဲ့သည်။ အင်္ဂလန်တွင် ၀ိန်းရွန်နီ၊ ဒန်နီဝဲလ်ဘက်၊ အက်ရှ်လေယန်း၊ စကော့ပါကား၊ စတီဗင်ဂျရတ်၊ ဂျိမ်းစ်မီလ်နာ၊ အက်ရှ်လေကိုးလ်၊ ဂျိုလီယန် လက်စ်ကော့တ်၊ ဂျွန်တယ်ရီ၊ ဂလင်းဂျွန်ဆင်တို့ ပွဲထွက်လာခဲ့သည်။

လှပကောင်းမွန်သော်လည်း တိုင်ထိထွက်သွားသည်။ ဒီရော့ဆီ ကိုက်(၃၀)မျှ အကွာမှ လှမ်းကန်သော ဘောလုံးကို အင်္ဂလန် ဂိုးသမား ဂျိုးဟတ် မည်သို့မျှ မတားဆီးနိုင်သော်လည်း တိုင်တည့်တည့် ထိထွက်သွားခြင်း ဖြစ်သည်။ ထို့နောက် အင်္ဂလန်ဘက်မှ မီလ်နာနှင့် ဂျွန်ဆင်တို့ ပူးပေါင်း တိုက်စစ်ဆင်မှုကို အင်္ဂလန် ရှေ့တန်းလူများ အသုံးမချနိုင်ခဲ့ပေ။ (၁၄)မိနစ်တွင် ဂျွန်ဆင်၏ ဖြတ်တင် ပေးပို့မှုကို ရွန်နီ ဒိုင်ဗင်ထိုး ခေါင်းတိုက်ချက်ဖြင့် အဆုံးသတ်ရန် အားထုတ်သော်လည်း ဂိုးဘားတန်းပေါ် ကျော်သွားသည်။ (၂၆)မိနစ်တွင် ဂျွန်ဆင်အား ကျော်ဖြတ်လာပြီး ဘာလော့တယ်လီ ဂိုးသွင်းရန် ကြိုးစားသည့်တိုင် တယ်ရီ ပိတ်ဆို့နိုင်ခဲ့သည်။ (၃၁)မိနစ်တွင် ဘာလော့တယ်လီက လေထဲတွင် ဘေးတစောင်း အနေအထားဖြင့် လှမ်းကန် ဂိုးသွင်းရန် ကြိုးစားသော်လည်း အားပျော့နေခဲ့ပြန်သည်။ (၄၁)မိနစ်တွင် ပီယာလို ကန်တင်ပေးသည့် ဘောလုံးကို ကာဆာနို ထောင့်ဖြတ် ခေါင်းတိုက် ချပေးရာ ဘာလော့တယ်လီ ဂိုးနှင့် (၄)ကိုက်မျှ အကွာမှ ပိတ်သွင်းရန် အခွင့်အရေးရသော်လည်း ဖြုန်းတီးပစ်ခဲ့သည်။

ဒုတိယပိုင်း (၅၂)မိနစ်တွင်လည်း ဘာလော့တယ်လီ အခွင့်အရေး ရသော်လည်း ဂိုးကံခေခဲ့ပြန်သည်။ ဒီရော့ဆီ အဝေးမှ ခပ်ပြင်းပြင်း လှမ်းကန်သော ဘောလုံးကို ဟတ်က ပုတ်ထုတ်ခဲ့ရာ ဘာလော့တယ်လီ ပြေးလမ်းကြောင်းထဲ ရောက်သွားသော်လည်း အသုံးမချနိုင်ခဲ့ပေ။ လျှံထွက်လာသော ဘောလုံးကို မွန်တိုလီဗို Volley ဆွဲကန်သော်လည်း ဂျွန်ဆင်က ဖိအားပေး ပိတ်ဆို့နိုင်ခဲ့သည်။ (၆၄)မိနစ်တွင် အင်္ဂလန် လူစားဝင် ကစားသမား (၂)ဦးဖြစ်သော သီယိုဝဲလ်ကော့တ်နှင့် အင်ဒီကာရိုးလ်တို့ နှစ်ဦး၏ ပူးပေါင်း တိုက်စစ်ဆင်မှုမှ ရလာသည့် အခွင့်အရေးကို ယန်းက ကန်သွင်းသော်လည်း လူထိထွက်သွားသည်။ (၈၈)မိနစ်တွင် အီတလီ လူစားဝင် ကစားသမား အန်တိုနီယို နိုစီရီနို ဂိုးသွင်းရန် ကြိုးစားမှုကို ဂျွန်ဆင် အကောင်းဆုံး ပိတ်ဆို့သွားသည်။ နာကျင်အချိန်ပိုတွင် ယန်း၏ ထောင့်ဖြတ်ဘောကို ကာရိုးလ် ခေါင်းတိုက်ချပေးရာ ရွန်နီ Bicycle Kickဖြင့် ဂိုးသွင်းရန် အားထုတ်ခဲ့သော်လည်း ဂိုးဘားတန်းပေါ် ကျော်သွားသည်။

အချိန်ပို (၁၀၂)မိနစ်တွင် အီတလီ လူစားဝင် ကစားသမား အလက်ဇန္ဒရို ဒီယာမန်တီ၏ ဂိုးသွင်းမှု တိုင်ထိထွက် သွားပြန်သည်။ ဟတ်က ၎င်း၏ ညာဘက်သို့ ဒိုင်ဗင်ထိုး ကာကွယ်ရန် ကြိုးစားသော်လည်း လက်လှမ်းမမီခဲ့ချေ။ (၁၁၄)မိနစ်တွင် ဘယ်လ်ဇာရက်တီ ပေးပို့သော ဘောလုံးကို ဒီယာမန်တီ အသုံးမချနိုင်ခဲ့ဘဲ အခွင့်ကောင်းတစ်ခု လက်လွတ်သွားသည်။ ထို့နောက်တွင်မူ နှစ်သင်းလုံး ဂိုးမရဘဲ အချိန်ပို ပြီးဆုံးပြီး ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာတွင်မူ အီတလီတို့ (၄-၂)ဖြင့် အနိုင်ရခဲ့သည်။ အီတလီဘက်မှ မွန်တိုလီဗို ဂိုးမ၀င်သော်လည်း ဘာလော့တယ်လီ၊ ပီယာလို၊ နိုစီရီနို၊ ဒီယာမန်တီတို့၏ ကန်သွင်းမှုများ အထမြောက်ခဲ့သည်။ အင်္ဂလန်ဘက်မှမူ ဂျရတ်နှင့် ရွန်နီတို့ ဂိုးရသော်လည်း ယန်းနှင့် ကိုးလ်တို့ ဂိုးမ၀င်သဖြင့် အရေးနိမ့်သွားခြင်း ဖြစ်သည်။ ယခုအခါ ဥရောပ ဖလား အကြို ဗိုလ်လုပွဲ အဆင့်သို့ အုပ်စု (B)နှင့် (C)မှ အသင်းများသာ တက်ရောက်နိုင်ခဲ့သည်။
Ref: Eurosport

0 comments:

Post a Comment