Sunday, June 10, 2012

ကချင်က စစ်ပွဲနှင့် မြစ်ဆုံဆည် ရပ်ပေးရန် ဆန္ဒပြတောင်းဆို

ဟွဏ်းဘီးလ်။    ။ မြန်မာအစိုးရတပ်၏ ကချင်ဒေသ ထိုးစစ်ဆင်သည့် တနှစ်တိတိပြည့်သော ယမနေ့၌ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာဒီမိုကရေစီအင်အားစုများက စစ်ပွဲရပ်တန့်ပေးရန် အိန္ဒိယ ပါလီမန်နားအနီး ဂျန်တားမန်တား ပန်းခြံတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်ကြရတယ်၊ မြန်မာအစိုးရဟာ ပြောင်းလဲမှုတွေ လုပ်နေပါတယ်ဆိုပြီး တဖက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ လုပ်နေပေမယ့် တဖက်မှာလည်း တိုင်းရင်းသားဒေသတွေ၊ အထူးသဖြင့် ကချင်ပြည်နယ်ထဲမှာ ထိုးစစ်ဆင်နေတာတွေကို မရပ်တန့်သေးတဲ့အပြင် စစ်အင်အားတွေ ထပ်ဖြည့်နေလို့ ၀မ်းနည်းရတယ်လို့ ကချင်တိုင်းရင်းသားတွေက ဆိုသည်။

ယမနေ့၌ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာဒီမိုကရေစီအင်အားစုများက ကချင်ဒေသ စစ်ပွဲရပ်တန့်ပေးရန် အိန္ဒိယ ပါလီမန်နားအနီး ဂျန်တားမန်တား ပန်းခြံတွင် ဆန္ဒပြတောင်းဆိုနေကြစဉ်။    ။ (ဓာတ်ပုံ - ဧရာဝတီ)

ဒီစစ်ပွဲတွေအပြင် ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ ဆောက်လုပ်မယ့် မြစ်ဆုံ ရေကာတာနဲ့ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ထားတယ်ဆိုပေမယ့် တကယ်တမ်း ရပ်တန့်တာမဟုတ်တဲ့အကြောင်း၊ ဒီစီမံကိန်းကြောင့် ဒေသက ပတ်ဝန်းကျင် ထိခိုက်မှုတွေ ဆိုးဝါးစွာ ဖြစ်ပွားနေတဲ့အကြောင်း၊ ဒေသခံရွာတွေလည်း အဓမ္မရွှေ့ပြောင်းခံနေကြရတဲ့အကြောင်း၊ ဒီစီမံကိန်းက ရလာမယ့် အကျိုးအမြတ်တွေဟာ မြန်မာနိုင်ငံအတွက်မဟုတ်ပဲ တရုတ်နိုင်ငံကို ရောင်းချမှာဖြစ်လို့ ဒီစီမံကိန်းကို အလိုမရှိဘူး၊ ဒီစီမံကိန်းကို လုံးဝ ရပ်တန့်ပေးပါလို့ တောင်းဆိုလိုတယ်လို့ ကချင်တိုင်းရင်းသားတွေက ဆိုကြသည်။

ပြည်ပရောက် ကချင်အဖွဲ့ အစည်းများ၏ တောင်းဆိုချက်တွေပါရှိသည့် စာအား သမတ ဦးသိန်းစိန်ထံသို့ လိပ်မူပြီး နယူးဒေလီ အခြေစိုက် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ပေးပို့ခဲ့ကြကြောင့် သိရသည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း မြန်မာအစိုးရတပ်၏ ကချင်ဒေသ ထိုးစစ်ဆင်သည့် တနှစ်တိတိပြည့်သည့်နေ့၌ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် တောင်းဆိုသည့်အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

0 comments:

Post a Comment