Showing posts with label World. Show all posts
Showing posts with label World. Show all posts

Tuesday, June 18, 2013

မလေးရှားရှိ တရားမဝင်မြန်မာလုပ်သား အားလုံး တရားဝင် အထောက်အထား ထုတ်ပေးမည်

ဟွဏ်းဘီးလ်။        ။ အကြမ်းဖက်မှုများကြောင့် လူသေဆုံး သည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှား နိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား နှစ်သိန်းခန့် ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အထောက် အထားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာ လုပ်သားများကို တရားဝင်အထောက်အထား ထုတ်ပေးသည့် ပုံစံမျိုးအတိုင်း မလေးရှား နိုင်ငံရောက် မြန်မာအလုပ်သမားများကို နှစ်နိုင်ငံ အစိုးရညှိနှိုင်းကာ တရားဝင် အထောက်အထား ရရှိအောင် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီက လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

"သံရုံးမှာ ဝန်ထမ်းအင်အားက နည်းနေတယ်။ လုပ်နေရတဲ့ လုပ်ငန်းစဉ်က များတယ်။ ဝန်ထမ်းအင်အား တိုးဖို့ လိုတယ်"ဟု အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း တရားဝင်အထောက် အထားမရှိသဖြင့် မြန်မာအလုပ်သမား ၁၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ယင်းတို့အနက် အလုပ်သမား ၃၀၇ ဦးမှာ အထောက်အထား မရှိသဖြင့် ဆက်လက်ဖမ်းဆီးခံ ထားရဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံမှ ဇွန်လ ၁၅ရက်နှင့် ၁၆ရက် နေ့တို့တွင် ပြန်လာသူစုစုပေါင်း ၄၅၉ ဦး ရောက်ရှိလာပြီး ၄င်းတို့မှာအကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူများ မဟုတ်ကြောင်း၊ အကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူ ၂၅ဦးမှာ ဇွန်လ ၁၇ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ နောက်ထပ်ပြန်လာရန် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးတွင် တရားဝင် အထောက်အထား(Certificate of Identity) ပြုလုပ်နေသူ ၁၄၀ ဦးရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ထံမှ သိရှိရသည်။ Ref: The Voice Weekly

Wednesday, September 26, 2012

ထိုင်ဝမ် ငါးဖမ်းရေယာဉ်များ ဂျပန်က ရေအမြောက်ဖြင့် ပစ်ခတ်

ဟွဏ်းဘီးလ်။    ။ ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့ ရေယာဉ်များမှာ အရှေ့တရုတ် ပင်လယ်ပြင်တွင် ရှိသော ၎င်းတို့ပိုင် ကျွန်းများဟု ကြွေးကျော်ထားသည့် နေရာသို့ ရောက်ရှိလာသည့် ထိုင်ဝမ် ငါးဖမ်းရေယာဉ် အုပ်စုကို ရေအမြောက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း RT သတင်းတွင် ဖော်ပြသည်။ ထိုင်ဝမ် လှေများမှာ ယင်းကိစ္စ ဖြစ်အပြီးတွင် အဆိုပါ ရေပိုင်နက်မှ ထွက်ခွာခဲ့ကြောင်း သိရသည်။
အနည်းဆုံး လှေသင်္ဘော ၄၀ ခန့်ပါဝင်သည့် အုပ်စုတစ်ခုမှာ အင်္ဂါနေ့ အစောပိုင်းက ဂျပန် ရေပိုင်နက် အတွင်းသို့ ဝင်ရောက်ခဲ့သည့်ဟု ဂျပန် ကမ်းခြေစောင့်တပ်မှ ပြောခဲ့သည်။ အဆိုပါ လှေအုပ်စုမှာ အငြင်းပွား ကျွန်းများ အနီးသို့ ချဉ်းကပ်လာခဲ့ခြင်း ဖြစ်ကာ ဂျပန်တို့ဘက်မှ ရေအမြောက်များဖြင့် ပစ်ခတ်ပြီး ပြန်လည် ထွက်ခွာစေရန် လုပ်ဆောင်ခြဲ့ခင်း ဖြစ်သည်။

ဒေသခံ ရုပ်မြင်သံကြားများတွင် ဂျပန် ကမ်းခြေစောင့် တပ်များနှင့် ထိုင်ဝမ် လှေများမှာ ရေအမြောက်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ ကျွန်းများမှာ ဂျပန် ၊ တရုတ်နှင့် ထိုင်ဝမ်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေရခြင်း ဖြစ်ကာ ယခုတလောတွင် အငြင်းပွားမှု အရှိန်မြင့်လာခြင်းလည်း ဖြစ်သည်။  source : xinhuanet

Saturday, September 15, 2012

အာဖရိကတွင် မျောက်မျိုးစိတ်သစ် တစ်မျိုးကို တွေ့ရှိ

ဟွဏ်းဘီးလ် ။    ။ Lesula ဟု အမည်ရသော မျောက်မျိုးစိတ်သစ် တစ်မျိုးကို အာဖရိကတိုက်တွင် တွေ့ရှိခဲ့ရပြီ ဖြစ်ကြောင်း သိရကာ ၂၈နှစ်အတွင်း ဒုတိယအကြိမ်အဖြစ် တွေ့မြင်ခဲ့ရပြီးနောက် ယခုလို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

Lesula (Cercopithecus lomamiensis) ခေါ် မျောက်မျိုးနွယ်ဝင်မှာ ငြိမ်ငြိမ်သက်သက် နေထိုင်ကြသည့် သတ္တဝါများဖြစ်ပြီး လူတွေ့မခံလိုသည့် သတ္တဝါများဖြစ်ကြောင်း အဆိုပါ သုတေသနကို ပြုလုပ်သူ သိပ္ပံပညာရှင်များမှ ပြောကြားခဲ့သည်။

ယင်းမျောက်များ၏ မျက်နှာပြင်ထက်တွင် ရွှေရောင် အမွှေး အမှင်များဖြင့် ဖုံးလွမ်းထားပြီး ရှည်လျားသည့် အမွှေးများကို ပိုင်ဆိုင်ကြောင်းလည်း သိရသည်။ ယင်းတို့မှာ ငါးကောင်ခန့် ပမာဏရှိသည့် နည်းပါးသော ပမာဏဖြင့်သာ အုပ်စုဖွဲ့နေတတ်ကြကာ  ကွန်ဂိုနိုင်ငံ အတွင်းရှိ မြေနိမ့် မိုးသစ်တောများတွင် နေထိုင်ကြကြောင်းလည်း the Guardian သတင်းတွင် ဖော်ပြခဲ့သည်။ source : The Guradian

ဂွာတီမာလာရှိ Fuego မီးတောင် ပေါက်ကွဲ

ဟွဏ်းဘီးလ် ။    ။ ဂွာတီမာလာ နိုင်ငံ အနောက်တောင်ပိုင်း ရှိ Fuego မီးတောင် ပေါက်ကွဲမှုကြောင့် လူထောင်ပေါင်း များစွာကို ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ ပေးခဲ့ရကြောင်း  ဂွာတီမာလာ အရေးပေါ် အေဂျင်စီ CONRED မှ ပြောကြားခဲ့သည်။

ဂွာတီမာလာမြို့တော် အနောက်တောင်ဘက် ၂၅ မိုင် အကွာတွင်ရှိသည့် အဆိုပါ မီးတောင်မှာ ကြာသပတေးနေ့  ညနေအစောပိုင်း အချိန်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ချော်ရည်ပူများကို မြေပြင်အထက် ၂ မိုင်အထိ မှုတ်ထုတ်ခဲ့ ကာ  တောင်စောင်းတစ်လျောက် ပေ ၂၀၀၀ ကျော်သို့ရောက်အောင် လျှော်ရည်ပူ စီးဆင်းလာခဲ့သဖြင့် ယခုလို နေရာရွှေ့ပြောင်းမှုကို လုပ်ဆောင်ပေးခဲ့ရခြင်း ဖြစ်သည်ဟု အဆိုပါ အေဂျင်စီမှ ပြောသည်။ 

ယခုလို ချော်ရည်များကြောင့် မီးတောင်အနားရှိ ကျေးရွာ ၁၇ခုမှ ဒေသခံများကို နေရာပြောင်းရွှေ့ပေးခဲ့ရကြောင်း CONRED မှ ဒါရိုက်တာဖြစ်သူ Sergio Cabanas က ပြောသည်။ ထို့အပြင် လူပေါင်း ၁၁၀၀၀ ခန့်မှာ နေရာရွှေ့ပြောင်းပေးခဲ့ရပြီး လူ ၈၀၀၀ မှာ အရေးပေါ် ခိုလှုံရေးအတွက် စောင့်ဆိုင်း နေရကြောင်းလည်း ထုတ်ဖော် ပြောကြားခဲ့သည်။ မီးတောင်ဗေဒ ကျွမ်းကျင်သူများ၏ အပြောအရ ယခုပေါက်ကွဲမှုမှာ လွန်ခဲ့သည့် ၁၉၉၉ ခုနောက်ပိုင်းတွင် အပြင်းထန်ဆုံးလည်း ဖြစ်ကြောင်း ပြောခဲ့သည်။ source : presstv.ir

Friday, September 14, 2012

အမေရိကန် စစ်ရေယာဉ် ၂ စင်း လစ်ဗျားသို့ စေလွှတ်

ဟွဏ်းဘီးလ် ။    ။ အင်္ဂါနေ့တွင် တူရကီနိုင်ငံ၌  ဖြစ်ပွားခဲ့ရသည့် ဖြစ်ရပ်များအပေါ် အမေရိကန်တို့မှ တုံ့ပြန်သည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်ပြီ ဖြစ်သည်။

အမေရိကန်ရှိ တာဝန်ရှိသူများ၏ အပြောအရ အမေရိကန် ရေတပ် စစ်သင်္ဘောနှစ်စင်းမှာ လစ်ဗျာကမ်းခြေ အနီးသို့ စေလွှတ်လိုက်ပြီ ဖြစ်ကာ အမေရိကန် သံအမှုထမ်း ၃ဦးနှင့် သံအမတ်ဖြစ်သူ Chris Stevens တို့သေဆုံးမှုအတွက် ဖြစ်လာသည့် နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။

USS Laboon နှင့်  USS McFaul သင်္ဘော၂ စင်းမှာ လစ်ဗျား ကမ်းလွန်တွင် တပ်စွဲထားမည် ဖြစ်ပြီး ယင်းသင်္ဘောတွင် Tamahawk ဒုံးကျည်များ တပ်ဆင်ထားကြောင်းလည်း သိရသည်။ ယခုလို တပ်စွဲထားသော်လည်း ၎င်းတို့ အနေဖြင့် စစ်ဆင်ရေး တစ်ခု မဟုတ်သေးကြောင်းနှင့် သမ္မတအိုဘားမား၏ အမိန့်ကို စောင့်ဆိုင်းနေကြောင်းလည်း AP သတင်းတွင် ဖော်ပြခဲ့သည်။ source : AP

Thursday, September 13, 2012

ဂျပန် သံအမတ်များ အစားထိုး ခန့်အပ်

ဟွဏ်းဘီးလ် ။    ။  ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ  Kenichiro Sasae မှာ အမေရိကန် ပြည်ထောင်စုသို့ ဂျပန် နိုင်ငံ၏ သံအမတ် အဖြစ် ခန့်အပ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ယခုလို သဘောတူညီချက်ကို  အင်္ဂါနေ့က ဝန်ကြီးများ ရုံးမှ ခန့်အပ်ခဲ့ခြင်း ဖြစ်ကာ အခြားသော နိုင်ငံခြားရေး ဝန်ကြီး အသစ်များကိုလည်း ခန့်အပ်ခဲ့ကြောင်း သိရသည်။

ယခုလို ခန့်အပ်ခံရသူများထဲတွင် အမေရိကန် ၊ တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံများ အတွက် သံအမတ်သစ်များလည်း ပါဝင်ကြောင်း သိရသည်။ Sasae မှာ အာရှနှင့် ပင်လယ်များ ဒေသဆိုင်ရာ ရေးရာ ဗျူရိုတွင် အကြီးအကဲ အဖြစ် နှစ်နှစ်တာ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

အလားတူပင် ဒုတိယဝန်ကြီး Shinichi Nishimiya  မှာ တရုတ်နိုင်ငံ အတွက် သံအမတ် အဖြစ် Uichiro Niwa ၏ နေရာတွင် အစားထိုး ခန့်အပ် ခံလိုက်ရပြီ ဖြစ်သည်။ အလားတူပင် ဒုဝန်ကြီး ဖြစ်သူ  Koro Bessho  မှာ တောင်ကိုရီးယား အတွက် သံအမတ် အဖြစ် ရွေးချယ် ခံလိုက်ရကာ ယခုလို ခန့်အပ်မှုများမှ တစ်ဆင့် ဂျပန်နိုင်ငံ အနေဖြင့် တရုတ်နှင့်တောင်ကိုရီးယားတို့နှင့် ဆက်ဆံရေး တိုးတက်စေရန် လိုလားလျက် ရှိကြောင်းလည်း သိရသည်။ source : nhk news

Wednesday, September 12, 2012

ချင်းဒုက္ခသည်များ Donbosco ရုံး ဆန္ဒပြ

ဟွဏ်းဘီးလ်။      ။ အိန္ဒိယနိုင်ငံ မြို့ တော် နယူးဒေလီရှိ ချင်းဒုက္ခသည် ၅၀ ဦးခန့် က ဒေလီမြို့ ရှိ ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ လက်အောက်ခံ ဖြစ်သော Donbosco ခေါ်  Don Bosco Ashalayam ရုံးရှေ့ တွင် ယနေ့  ဆန္ဒပြခဲ့ကြသည်။

နယူးဒေလီ Vikaspuri ကျေးရွာတွင် အခြေစိုက်သည့် Donbosco ရုံး၏ ဌာနခွဲဖြစ်သည့် Income Generation Activities (IGA) တွင် အလုပ်လုပ်နေကြသည့် ချင်းဒုက္ခသည်များက ယခုကဲ့သို့  ဆန္ဒပြခြင်းဖြစ်သည်။

“ဒီ IGA မှာ  မကျန်းမာသူနှင့် ဒုက္ခိတများကို UNHCR မှကူညီတဲ့ သဘောနဲ့  Donbosco မှာ လုပ်ခိုင်းတာ၊ အရင်တုံးကဆိုရင် နံနက် ၈း၀၀ နာရီကနေ ည ၈း၀၀ နာရီအထိ အလုပ်လုပ် လို့ ရတယ်၊ အဲဒီတုံးက လုပ်အားခ တနာရီ ၃၀ ရူပီးရတယ်။ ဒါပေမဲ့ အခု ၂၀ ရူပီးသို့ လျော့လိုက်တဲ့ အပြင် အလုပ်ချိန်က နံနက် ၉ နာရီကနေ ညနေ ၅း၃၀ နာရီ ဆိုပြီး လျှော့ သတ်မှတ်ပေးတယ်” ဟု IGA တွင် အလုပ်လုပ်သူ Salai Tlaung Za Thang ကပြောသည်။

ဒါအပြင်အခု နာရီလျှော့သတ်မှတ်လိုက်ရာကနေ ၄င်းတို့ လုပ်ကိုင်နေသည့် အ၀တ်အထည်ကို လူတဦးအတွက် တနေ့ ပြီးနိုင်သည့် အထည်အရေအတွက် အလုက်ပြန်လည် သတ်မှတ်ပေးမည် ဖြစ်ကြောင်း၊ အနွေးထည် အင်္ကျီ တထည်ကို ရူပီး ငွေ ၃၅ လောက်ဖြစ်သတ်မှတ် ပေးလိမ့်မည် ဖြစ်ကြောင်း သိရသည်။

အကယ်၍ အထည်အလိုက် သတ်မှတ်ပေးပါက မသန်မကျွမ်းဖြစ်နေသည့် ဒုက္ခသည်များ အခက်ကြုံ တော့မည့် အပြင် လုပ်အားပိုနည်းလာမည်ဖြစ်ကြောင်း ဆလိုင်းထန်းကပြောသည်။

“ကျတော်တို့ လိုချင်တာကတော့ UNHCR ကနေ ဘယ် NGOs တွေမှ ဆက်သွယ်ပြီး ကျတော်တို့  ဒုက္ခသည်များအတွက် လုပ်ပေးစေတာမျိုးကို မလိုလားဘူး၊ UNHCR နဲ့ ဒုက္ခသည်တွေ တိုက်ရိုက် ဆက်ဆံမှု ကိုဘဲလိုလားတယ်။ ဒါကြောင့် အခုလို ဆန္ဒပြခြင်းဖြစ်တယ်”ဟု ဆလိုင်းထန်း ကပြော သည်။

Donbosco ရှိ IGA လက်အောက်တွင် ချင်းဒုက္ခသည် ၁၅၀ ခန့် အလုပ်လုပ်ကိုင်နေကြကြောင်း၊ ယခုအထည်အလိုက် လုပ်အားခသတ်မှတ်ခြင်းသည် အထည်ယက်သူများနှင့် အထည်ချုပ်သူများ သည် တနေ့ လုပ်အားခ ၇၀ ရူပီးငွေသာ ရရှိနိုင်တော့မည်ဖြစ်ပြီး မကျမ်းမာသူနှင့် လုပ်ငန်းမ ကျွမ်း ကျင်သူများမှာမူ ရူပီးငွေ ၃၅ မျှသာရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
IGA ၏ ချင်းဒုက္ခသည်များအပေါ် ဆက်ဆံမှု မမျှတကြောင်း၊ ထောက်ပံ့မှုရရှိသည့်အပေါ် မျှတမှု မရှိကြောင်း စသည့်အချက်များကြောင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

ဒေလီရှိချင်းဒုက္ခသည် တစ်သောင်းကျော်ရှိသည့်အနက် အနည်းအကျဉ်းမျှသာ Donbosco တွင် အလုပ်ရနိုင်ကြသည်။

ထိုနည်းတူ ၂၀၁၀ ခုနှစ်တွင် Young Men’s Christian Association (YMCA) မှ ချင်းဒုက္ခ သည် များအပေါ် ခွဲခြားဆက်ဆံ မှုများရှိသောကြောင့် ဆက်တိုက်ဆန္ဒပြကြရာ မတ်လ တွင် UNHCR က YMCA ကို ဒုက္ခသည်အရေးဆက်လက်ကိုင်သွယ်ရန် ရပ်ဆိုင်းကာ Donbosco သို့  လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်။ Ref:KNG

Tuesday, September 11, 2012

အီရန်က ပဲ့ထိန်းဒုံးကျည်သစ် ပွဲထုတ်ပြသမည်

ဟွဏ်းဘီးလ်။      ။ အီရန်နိုင်ငံဟာ မကြာခင် အချိန်အတွင်းမှာ ပြည်တွင်းဖြစ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် တစ်မျိုးကို ပွဲထုတ်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကို အီရန်ဒုတိယ ကာကွယ်ရေး ၀န်ကြီးနဲ့ ကာကွယ်ရေး ၀န်ကြီးဌာန လေကြောင်း အဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်  Mahdi Farahi က ပြောကြားခဲ့တာ ဖြစ်ပြီး Meshkat အမည်ရ အဆိုပါ ပဲ့ထိန်းဒုံးကျည် ဟာ အကွာအဝေး ကီလိုမီတာ ၂၀၀၀ကျော်အထိ ပစ်ခတ်နိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဆိုပါ ပဲ့ထိန်းဒုံးကျည်ဟာ ရေငုပ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေနဲ့ မြေပြင်ထက်က ဒုံးပစ်စင် အမျိုးမျိုးကနေလည်း ပစ်ခတ်နိုင်ကြောင်း ဗိုလ်ချုပ် Mahdi Farahi က ပြောကြားခဲ့ပါတယ်။ အီရန် ကာကွယ်ရေး ၀န်ကြီးဌာနဟာ အခုလက်ရှိအချိန်မှာ ပဲ့ထိန်းဒုံးကျည် ၅မျိုးကို ထုတ်လုပ်ခဲ့ပြီးဖြစ်သလို နောက်ထပ် ပဲ့ထိန်းဒုံးကျည် ၉မျိုးကိုလည်း လေ့လာ စမ်းသပ်နေကြောင်း၊ ဒုံးလက်နက်တွေရဲ့ တိကျမှု၊ ရေဒါရှောင်တိမ်းနိုင်မှုနဲ့ အသုံးခံမှုတို့ကို အဆင့်မြှင့်တင်သွားဖို့ လုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံဟာ မကြာသေးခင် နှစ်ပိုင်းအတွင်းမှာ ကာကွယ်ရေး ကဏ္ဍအတွင်း အောင်မြင်မှုတွေ ရရှိခဲ့ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်း ကိရိယာတွေနဲ့ ကာကွယ်ရေး စနစ်တွေကို ပြည်တွင်းမှာတင် အောင်အောင်မြင်မြင် တီထွင် ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Saturday, September 8, 2012

မလေးရှားရောက် မြန်တစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်

ဟွဏ်းဘီးလ်။      ။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ မြန်မာနိုင်ငံတိုင်းရင်းသား ချင်းလူမျိုးတဦး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေမှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ- ချင်းပြည်၊ ထန်တလန်မြို့နယ်၊ ငဖိုင်ပီးကျေးရွာနေ Pu Sero နှင့် Pi E Zei တို့၏ တတိယ မြောက်သား Salai Va Pai (အသက် ၂၄နှစ်) သည် သြဂုတ် (၃၁) ရက်၊ ည (၉) နာရီခန့်တွင် အခန်းဖော်များ မရှိချိန်တွင် ထိုသို့ ကိုယ့်ကိုယ်ကို ဆွဲကြိုးချ သတ်သေခဲ့ခြင်းဖြစ်သည်။ သူ၏ အခန်းဖော်များမှာ- သူ့၏ အကိုအရင်းများဖြစ်ကြသော- Salai Madau, Salai Mata Mapaw တို့နှင့် အတူ အခန်းတခုတည်း တွင် နေထိုင်ကြပြီး၊ အကိုများ အပြင်ထွက်ချိန်တွင် ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မည်သည့်စိတ်ဖိစီးမှုကြောင့် ယခုကဲ့သို့ သတ်သေသည်ကို မသိရှိကြသေးပြီး၊ အကိုများ ပြန်အလာတွင် သေနေပြီဖြစ်သော Salai Va Pai ၏ အလောင်းကိုသာ တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ အလောင်းအား ရဲများမှ ယူဆောင်သွားကြသည်ဟု သိရပြီး၊ အသုဘချမည့် အစီအစဉ်အားလည်း မသိရှိရသေးပေ။

ကွယ်လွန်သူ- Salai Va Pai (၂၄ နှစ်) သည် မလေးရှားနိုင်ငံတွင် နေထိုင်နေသည်မှာ (၃) နှစ်ခန့် ကြာ မြင့်ပြီဟု သိရသည်။ Ref: CWM

တူရကီတွင် စက်လှေ တိမ်းမှောက်၊ ကလေးငယ် ၃၁ ဦး သေဆုံး

ဟွဏ်းဘီးလ်။      ။ တူရကီနိုင်ငံ အနောက်ပိုင်း ကမ်းခြေတွင် ကြာသပတေး နေ့က ရေကြည်ရာ မြက်နုရာ ရှာဖွေ ရွှေ့ပြောင်းသူ ၆၀ ဦး တင်ဆောင်လာသည့် လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သဖြင့် ထက်ဝက်ကျော် သေဆုံးခဲ့ ရကာ ယင်းထဲ မှအများစုမှာ ကလေးငယ်များ ဖြစ်ကြကြောင်း ခရိုင် တာဝန်ရှိသူမှ Reuters သတင်းသို့ ပြောကြားခဲ့သည်။

တူရကီ နိုင်ငံ အနောက်ပိုင်းရှိ စီရင်စု တစ်ခု ဖြစ်သည့် Izmir တွင်ရှိသော Menderes ကမ်းခြေ ခရိုင် အုပ်ချုပ်ရေးမှုး ဖြစ်သူTahsin Kurtbeyoglu ၏ အပြောအရ သေဆုံးသူ ၃၁ ယောက်မှာ ကလေးငယ်များ ဖြစ်ပြီး ယင်းအထဲ တွင် မွေးကင်းစ ကလေးငယ် သုံးဦးလည်း ပါဝင်ကြောင်း ပြောကြား ခဲ့သည်။

ယခုလို ဖြစ်ရပ် အတွင်း အများစုသော ရွှေ့ပြောင်း လာသူများမှာ ပါလက်စတိုင်း လူမျိုးများ ဖြစ်ကြကြောင်းလည်း reuters သတင်းတွင် ဖော်ပြခဲ့သည်။

Friday, September 7, 2012

လူတစ်ဦး ဒေါ်လာ ၁၄၀၀၀ တန် စိန်ကိုမြိုချ၊ အဖမ်းခံ

ဟွဏ်းဘီးလ်။      ။ သီရိလင်္ကာ နိုင်ငံတွင် ကျင်းပသော အကြီးဆုံး ကျောက်မျက်ပြပွဲ တစ်ခုတွင် တရုတ် နိုင်ငံသား ခရီးသည် တစ်ဦးကို ခိုးမှု ကျူးလွန်ရန် ကြိုးစားမှုဖြင့် ဖမ်းဆီးလိုက်ပြီ ဖြစ်ကာ ဒေါ်လာ ၁၄၀၀၀ တန်သည့် စိန်တုံး တစ်တုံးကို မြိုချခဲ့ပြီးနောက် ယခုလို ဖမ်းဆီးလိုက်ခြင်း လည်း ဖြစ်သည်။

အသက် ၃၂ နှစ် အရွယ်ရှိသူ အဆိုပါ အမျိုးသားမှာ ကိုလံဘို မြို့တွင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သည့် ရတနာ ပြပွဲတွင် ယင်းစိန်တုံးကို သေချာစွာ ကြည့်ခွင့်ရရန် အတွက်ခင်းကျင်း ရောင်းချနေသူထံ ခွင့်တောင်းခဲ့ခြင်း ဖြစ်သည်။

ထိုနောက် ယင်းစိန်မှာ အလွန်ပင် ကောင်းမွန်ကြောင်း ချီးကျူးကာ ရုတ်တရက် ၎င်း၏ ပါးစပ် အတွင်းသို့ ထည့်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ source: channelnewsasia

အိန္ဒိယတွင် မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲ၊ လူ ၄၀ သေဆုံး

ဟွဏ်းဘီးလ်။      ။ အိန္ဒိယ နိုင်ငံ တောင်ပိုင်းရှိ တမီးလ်နာဒူး ပြည်နယ်တွင် ရှိသည့် မီးရှူးမီးပန်း စက်ရုံ တစ်ခုတွင်  ကြီးမားသည့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ခဲ့ရသဖြင့် အနည်းဆုံးလူ ၄၀ သေဆုံးခဲ့ရကာ ၆၀ ကျော် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။ အဆိုပါ မီးလောင် ကျွမ်းမှုမှ တစ်ဆင့် ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ပြီး မီးရှူးမီးပန်း ပုံးများမှ ပေါက်ကွဲခဲ့သဖြင့် ယခုလို သေဆုံးမှု မျုားပြားခဲ့ရခြင်းလည်း ဖြစ်သည်။

Om Siva Shakti ခေါ် မီးရှုးမီးပန်း စက်ရုံတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုကြောင့် စက်ရုံ တစ်ခုလုံး မီးလောင် ကျွမ်းခဲ့ရကာ မီးလောင်ရသည့် အကြောင်းရင်းကိုမူ မသိရသေးကြောင်း သိရသည်။
ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အိန္ဒိယ သတင်း အေဂျင်စီ တစ်ခုဖြစ်သည့်  Press Trust  တွင် ဖော်ပြရာ၌ သေဆုံးသူ ဦးရေမှာ ၅၂ ဦး ရှိပြီး ယင်းစက်ရုံထဲတွင် မီးလောင်မှု ဖြစ်ပွားချိန်က လူပေါင်း ၃၀၀ခန့် ရှိနေခြင်း ဖြစ်ကာ အများစုသော ထိခိုက် သေဆုံးသူများမှာ ဒေသခံ ကျေး ရွာမှ ဖြစ်ကြောင်လည်း ဖော်ပြခဲ့သည်။

ယခုလို ဖြစ်ရပ်ကြောင့် မီးသတ်ကား တစ်ဒါဇင်ခန့်ဖြင့် ငါးနာရီကြာ ငြိမ်းသတ်ခဲ့ရကြောင်းလည်း သိရသည်။ မီးလောင်မှု မဖြစ်ပွားမီ ရက်အနည်းငယ်က လုံခြုံရေး စစ်ဆေးမှု ပြုရာတွင် အရည်အသွေး မပြည့်မီသဖြင့် စက်ရုံလိုင်စင်ကို ပိတ်ထားခြင်း ခံခဲ့ရခြင်းလည်း ဖြစ်သည်။ အဆိုပါ မြို့တွင် မီးရှုးမီးပန်း စက်ရုံများ ရှိကာ နိုင်ငံ အတွင်းရှိ ထုတ်လုပ်မှု အားလုံး၏ ၉၀ ရာနှုန်းကို ထုတ်လုပ် ပေးနေခြင်း လည်း ဖြစ်သည။် source : presstv.ir

Wednesday, September 5, 2012

မလေးရှားရဲတပ်ဖွဲ့မှ မူးယစ်မှောင်ခိုဂိုဏ်းဝင်များအား ဖမ်းဆီး

ဟွဏ်းဘီးလ် ။      ။ မလေးရှားနိုင်ငံတွင်းက မူးယစ်မှောင်ခိုဂိုဏ်း တစ်ဂိုဏ်းရဲ့ခေါင်းဆောင်လို့ ယူဆရတဲ့ အသက် ၃၅နှစ်အရွယ် နိုင်ဂျီးရီးယား အမျိုးသား တစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း လိုက်ပြီလို့ သိရပါတယ်။ အဲ့ဒီအမျိုးသားကို နက်ဂရီ ဆမ်ဘီလန်ပြည်နယ် လူကွတ်ဒေသရှိ ဘန်ဂလို တစ်လုံးအတွင်းမှာ ၎င်းရဲ့ အမျိုးသမီး မိတ်ဆွေနဲ့အတူ ပြီးခဲ့တဲ့ စနေနေ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ကွာလာလမ်ပူ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ညွှန်ကြားရေးမှူး နိုအာ ရာရှစ်က ပြောပါတယ်။

အဆိုပါပုဂ္ဂိုလ်ဟာ နိုင်ဂျီးရီးယားနိုင်ငံမှ ဟိုတယ်ပိုင်ရှင် တစ်ဦးဖြစ်မယ်လို့ ယူဆထားကြပြီး ၎င်းဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးဖို့ရာ ကြားခံ သယ်ယူပို့ဆောင်ပေးသူတွေအဖြစ် အမျိုးသမီးတွေကို အသုံးချလေ့ရှိပါတယ်။ ၎င်းကို ဖမ်းဆီးခဲ့စဉ်က ၎င်းနဲ့အတူ မလေးရှား ရင်းဂစ် သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ဘိန်းဖြူတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ မူးယစ်မှောင်ခိုဂိုဏ်းရဲ့ အခြားအဖွဲ့ဝင်တွေဖြစ်တဲ့ နိုင်ဂျီးရီးယား အမျိုးသမီးတစ်ဦး၊ အီရန် အမျိုးသမီး ၃ဦးနဲ့ ဇမ်ဘီးယား အမျိုးသမီး ၁ဦးတို့ကိုလည်း ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ပါတယ်။ အဆိုပါ အမှုကို ၁၉၅၂ခုနှစ် အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါး အက်ဥပဒေ အပိုဒ်ခွဲ၃၉/ခ အရ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရပါတယ်။

Sunday, September 2, 2012

အင်ဒိုနီးရှားတွင် ကိုယ်ပျောက်စစ်သင်္ဘော ထုတ်လုပ်


ဟွဏ်းဘီးလ် ။      ။ အင်ဒိုနီးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရေဒါနဲ့ ရှာဖွေလို့မရနိုင်တဲ့ ပထမဆုံး ပြည်တွင်းထုတ် ကိုယ်ပျောက် စစ်သင်္ဘောကို ပွဲထုတ်ပြသခဲ့တယ်လို့ သိရပါတယ်။ အဲဒီသင်္ဘောဟာ အရွယ်အစား အနေနဲ့ ၆၃မီတာ အရှည်ရှိပြီး အလေးချိန် ၅၃.၁တန် ရှိပါတယ်။ ဒီသင်္ဘောမှာ စုစုပေါင်း မြင်းကောင်ရေ ၁၈၀၀အား ထုတ်ပေးနိုင်တဲ့ အင်ဂျင်လေးလုံး တပ်ဆင်ထားပြီး ဒုံးလက်နက် ပစ်စင်တွေလည်း ပါရှိပါတယ်။

KRI Klewang  လို့ အမည်ပေးထားတဲ့ အဆိုပါ စစ်သင်္ဘောရဲ့ ကိုယ်ထည်ကို ရေဒါနဲ့ ရှာဖွေလို့ မရနိုင်တဲ့ နည်းပညာ ပေါင်းစပ်ထားတဲ့ ကာဘွန် ဖိုက်ဘာတွေကို အဓိကအသုံးပြု တည်ဆောက်ထားကြောင်း၊ ဒီလိုရေဒါနဲ့ ရှာဖွေလို့မရတဲ့ ကိုယ်ပျောက် စစ်သင်္ဘောကို အမေရိကန် ပြည်ထောင်စုနဲ့ အင်ဒိုနီးရှား နိုင်ငံတို့မှာသာ ထုတ်လုပ်တာ ဖြစ်ကြောင်း အင်ဒိုနီးရှား ရေတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

အဆိုပါ ကိုယ်ပျောက်သင်္ဘောကို အင်ဒိုနီးရှား ရေတပ်ရဲ့ မှာယူမှုအရ တည်ဆောက်တာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၁.၉သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှား နိုင်ငံဟာ နိုင်ငံရဲ့ စစ်ဘက် လက်နက် စနစ်တွေကို အဆင့်မြှင့်တင်လျက်ရှိပြီး လက်နက်သစ်တွေအတွက် အမေရိကန် ဒေါ်လာ ၁၅.၇ဘီလီယံ လျာထားတယ်လို့လည်း သိရပါတယ်။



Friday, August 31, 2012

Yahoo ၏ ဝါရှင်တန် သတင်းဌာန အကြီးအကဲ ရာထူးမှ ထုတ်ပယ်

ဟွဏ်းဘီးလ် ။    ။ Yahoo သတင်း ဌာနမှာ ဝါရှင်တန်မှ သတင်း အကြီးအကဲ ဖြစ်သူကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ယခုလို ဖြစ်ရပ်မှာ သမ္မတ ဖြစ်လာရန် ရေပန်းစားနေသူ Mitt Romney အနေဖြင့် မုန်တိုင်းကြောင့် လူမည်းများ ရေနစ်နေချိန်တွင် ၎င်းအနေဖြင့် ပါတီပွဲ ပြုလုပ်ပြီး ပျော်ရွှင်ခဲ့သည် ဆိုသည့် ပြောကြားမှု တစ်ခုကြောင့် အလုပ်မှ ထုတ်ပယ်ခံလိုက်ရခြင်းပင် ဖြစ် သည်။

ယခုလို ပြောကြားမှုကို သတင်းခန်း အကြီးအကဲ ဖြစ်သူ David Chalian  မှ မိုက်ခရိုဖုန်းဖွင့်လျက်ဖြင့် ပြောခဲ့ခြင်း ဖြစ်သည်။ ဟာရီကိန်း Isaac မှာ လူဝီစီယားနား ပြည်နယ်သို့ ဝင်ရောက်နေချိန်တွင် Romney အနေဖြင့် ရီပါဘလီကင် ပါတီ၏ ညီလာခံသို့တက်ရောက်ရန် ရောက်နေခြင်းပင် ဖြစ်သည်။

ယခုဖြစ်ရပ် အတွက် Yahoo ကုမ္ပဏီမှ တောင်းပန်မှု ပြုခဲ့ကာ ၎င်းတို့အနေဖြင့် ယခုလို ပြောကြားမှုမှာ ကုမ္ပဏီနှင့် မဆိုင်ကြောင်းနှင့် Romney ၏ မဲဆွယ်ပွဲ အဖွဲ့သို့လည်း တောင်းပန်မှု ပြုခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခု ဖြစ်ရပ်မှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကာ ဗုဒ္ဓဟူး နေ့တွင် Chalian မှ လေးလေးနက်နက် ဝမ်းနည်းမိပါကြောင်း ပြောကြားခဲ့သည်။ source : BBC news

Thursday, August 30, 2012

အမေရိက လက်နက် ရောင်းအား စံချိန်တင်ခဲ့

ဟွဏ်းဘီးလ်။    ။ အမေရိကန်ပြည်ထောင်စုရဲ့ စစ်လက်နက်ပစ္စည်း ရောင်းချမှုဟာ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်အတွင်း ဒေါ်လာ ၆၆.၃ဘီလီယံအထိ ၃ဆ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ အထူးသဖြင့် ပါရှန် ပင်လယ်ကွေ့ဒေသက အာရပ်နိုင်ငံတွေကို စစ်လက်နက်တွေ အများဆုံး တင်ပို့ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ်က ၎င်းရဲ့ လက်နက် တင်ပို့ရောင်းချမှုဟာ အမေရိကန်ဒေါ်လာ ၂၁.၄ဘီလီယံ ရှိခဲ့ပြီး ယခု၂၀၁၁ခုနှစ်ရဲ့ လက်နက်ရောင်းချမှု တန်ဖိုးဟာ စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန် လက်နက် ဈေးကွက်ရဲ့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး နှစ်တစ်နှစ် ဖြစ်တယ်လို့လည်း သိရပါတယ်။

အမေရိကန် ပြည်ထောင်စု ထံကနေ စစ်လက်နက်တွေ အများဆုံး ၀ယ်ယူတဲ့နိုင်ငံဟာ ဆော်ဒီအာရေဗျ နိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၃၃.၄ဘီလီယံထိ ၀ယ်ယူခဲ့တယ်လို့ သိရပါတယ်။

Wednesday, August 29, 2012

အိန္ဒိယအမတ်၏ မြန်မာ့ကဘော်ချိုင့်ဝှမ်း ရလိုမှု ဒေသခံတို့ မထောက်ခံ

ဟွဏ်းဘီးလ် (မဇ္ဈိမ) ။       ။ အိန္ဒိယနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီကြီးတခုဖြစ်သည့် BJP ပါတီမှ လွှတ်တော်အမတ် တဦးက မဏိပူရပြည်နယ်အတွင်း ၎င်းတို့ပါတီ မဲဆွယ်စည်းရုံးစဉ် မြန်မာပြည်ရှိ ကဘော်ချိုင့်ဝှမ်းဒေသအား ပြန်လည် ရယူပေးမည်ဟု မက်လုံးပေး ပြောဆိုခဲ့သော်လည်း ကဘော်ချိုင့်ဝှမ်း ဒေသခံများက လက်မခံကြောင်း ငြင်းဆိုကြသည်။

BJP ပါတီဥက္ကဋ္ဌနှင့်အတူ မဏိပူရပြည်နယ်သို့ မဲဆွယ်ခရီးထွက်လာသည့် ဥပဒေပြုအမတ် ဘီဂျိုယာ ချာကရာဗိုတီ Bijoya Chakravorty က လာမည့် ၂ဝ၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီ အာဏာရရှိမည်ဆိုပါက ကဘော် ချိုမ့်ဝှမ်းဒေသအား မြန်မာအစိုးရထံမှ ပြန်လည် ရယူပေးမည်ဟု ကတိပေး ပြောဆိုလိုက်ကြောင်း Seven Sisters Post သတင်းစာတွင် ဖော်ပြပါရှိလာ၍ တုန့်ပြန်ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

“သူတို့တွေက အဲဒီနေရာကို တအားလိုချင်တယ်လေ။ ကျမတို့ဒေသ သူတို့ကို ပေးလို့ ဘယ်ရမလဲ။ နေရူးက ဦးနုကို လက်ဆောင်ပေးတယ်လို့ ပြောလို့ ဘယ်ရမလဲ။ ဒါမျိုးဆိုရင်တော့ တနိုင်ငံနဲ့ တနိုင်ငံ ဖြေရှင်းရမှာပေါ့။ ပြည်သူလူထုရဲ့ ဆန္ဒက ဘယ်လိုလုပ်ပြီးတော့ အိန္ဒိယနိုင်ငံဘက်ကို သွားပြီးပေါင်းနိုင်မလဲ။၊ နိုင်ငံတခုရဲ့ အစိတ်အပိုင်းကို ယူမယ် ဆိုတာကတော့ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ သူတို့မဲဆွယ်တဲ့ ကိစ္စလို့ပဲ ကျမမြင်တယ်” ဟု ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့ ဥက္ကဋ္ဌ မငိုင်ငိုင်း က ပြောသည်။

မြေသြဇာ ကောင်းလှသည့် ကဘော်ချိုင့်ဝှမ်းဒေသမှာ စစ်ကိုင်းတိုင်းရှိ တမူး၊ ကလေး၊ ခန်းပက်၊ ဘုတ်ကန်မြို့နယ်များ
နှင့် ယူးမြစ်ဖျားမှ ချင်းတွင်းမြစ်ထိ ကျယ်ဝန်းပြီး ကူကီး၊ လူရှိုင်း၊ ဇိုမီးနှင့် ဗမာလူမျိုးများ နေထိုင်လျက်ရှိကြသည်။

BJP အမတ်အဆိုအရ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၏ အစိတ်အပိုင်းတခုဖြစ်သည့် ထိုဒေသကို အိန္ဒိယ ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးက မြန်မာသို့ “နှစ်သိမ့်” သဘော ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုပြောဆိုချက်မှာ BJP ပါတီအနေဖြင့် မဏိပူရပြည်နယ်အတွင်း မဲရရှိရန် ပြောဆိုချက်သာ ဖြစ်ကာ ချင်းတိုးတက်ရေး ပါတီ (CPP) အနေဖြင့် လက်မခံနိုင်ကြောင်း ပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ထိုဒေသမှ ချင်းအမျိုးသား ကိုယ်စားလှယ်အမတ် လည်း ဖြစ်သည့် ဦးနိုထန်ကပ် က ပြောသည်။

“သူတို့က သူ့လူတွေ မဲရဖို့အရေးေ ပြာတယ်လို့ပဲ ထင်ပါတယ်။ သူတို့မဲရဖို့အတွက် ဒါကို အသုံးချပြီး ပြောချင်သလို
လျှောက်ပြောတော့တာ။ ပြောကြစတမ်းဆိုရင် အိန္ဒိယ နိုင်ငံထဲမှာလည်း ကျနော်တို့ ချင်းလူမျိုးတွေ၊ ကျနော်တို့ရဲ့ ညီအကိုတွေ သူတို့ရှိတဲ့ နယ်မြေအားလုံးဟာ ကျနော်တို့ရဲ့ နယ်မြေလို့ ပြောလို့ ရတာပေါ့ဗျာ။ သူတို့ပြောကြတဲ့ ပုံစံအတိုင်း ဆိုရင်ပေါ့ဗျာ” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ရှိ ကသဲလူမျိုးများက လိုလားနေသည်ကို အခွင့်ကောင်းယူကာ မက်လုံးပေး စည်းရုံးခြင်းဖြစ်သည်ဟုလည်း ဝေဖန်ပြောဆိုကြသည်။

၂ဝ၁၂ ခုနှစ် ရွေးကောက်ပွဲတွင် BJP သည် လက်ရှိအာဏာရ ကွန်ဂရက်ပါတီအား မဏိပူရပြည်နယ်တွင့် ရှုံးနိမ့်ခဲ့ရသော် လည်း လက်တလော ကွန်ဂရက်ပါတီ၏ ပြည်တွင်းရေး အကြပ်အတည်းများအပေါ် အခွင့်ကောင်းယူကာ မဲရလိုမှု အတွက် ထိုသို့ပြောဆိုစည်းရုံးနေခြင်းလည်း ဖြစ်သည်။

“အိန္ဒိယက BJP ပါတီလို အတိုက်အခံ ပါတီကြီးတခုက ပြောလာပြီဆိုရင်တော့ ကျနော်တို့ အလေးထား စဉ်းစားရပါ မယ်။ မြန်မာ့ အတိုက်အခံရော၊ အစိုးရကပါ အလေးအနက်ထားစေချင်ပါတယ်” ဟု ဇိုမီးသွေးစည်းညီညွှတ်ရေး တပ်ဦး (ZRO) မှ ပြန်ကြားရေးတာဝန်ခံ ဦးမင်းထန် က ဆိုသည်။

အိန္ဒိယ အစိုးရအား လက်နက်ကိုင် ပုန်ကန်နေသည့် မဏိပူရပြည်နယ်မှ သူပုန်များလည်း ကဘော်ချိုင့်ဝှမ်းဒေသအတွင်း အများအပြား ခိုလှုံနေထိုင်လျက် ရှိကြသည်။

“ဒီဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒါကို အရေးမယူဘူးဗျ။ ကျနော်တို့က အရေးထားသလိုသူတို့က အရေး မထားဘူး။ တဖြေးဖြေး အခြေအနေက ပိုဆိုးလာတဲ့ သဘောမျိုး ဖြစ်လာတာပေါ့။ ဒီမှာရှိတဲ့ လဝက တို့၊ စစ်တပ်တို့ ဘာတို့ ဝန်ထမ်းတွေ သေသေချာချာ အလုပ်မလုပ်လို့ ဒီပြဿနာ တက်လာရတာပါ။ သူတို့ကလည်း သူတို့ရဲ့ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ လာပြီးတော့ နယ်မြေကျူးကျော်တဲ့ သဘော ဖြစ်လာတာပေါ့” ဟု CPP လွှတ်တော်အမတ် ပူးနိုထန်ကပ် က ဆိုသည်။

ထိုကိစ္စနှင့် ပါတ်သက်ပြီး ဒေသတွင်း ပြည်သူလူထု၏ သဘောထား၊ အမြင်၊ ခံစားချက်များအား အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အစိုးရများအား တင်ပြသွားမည်ဟု ပူးနိုထန်ကပ် က မဇ္စျိမကို ပြောဆိုသွားသည်။

ကဘော်ချိုင့်ဝှမ်းဒေသသည် စိမ်းလန်းစိုပြေပြီး သားငါးတိရိစ္ဆာန်ပေါများကာ ကောက်ပဲသီးနှံ အလွန်ဖြစ်ထွန်းသလို ငှက်ဖျားရောဂါလည်း ထူပြောသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များမှ ခွဲထွက်သူပုန် ကိုးဖွဲ့မှာ မြန်မာ့မြေ ပိုင်နက်အတွင်း စခန်း ၆၄ ခု တည်ဆောက် လှုပ်ရှားနေကြသည်။

Tuesday, August 28, 2012

သီရိလင်္ကာတွင် ရေနံယိုဖိတ်မှုဖြစ်ပွား

ဟွဏ်းဘီးလ်။    ။ သီရိလင်္ကာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ပျက်စီးနစ်မြုပ်ခဲ့တဲ့ စွန့်ပစ်သင်္ဘောကနေ ပင်လယ်ပြင်အတွင်း ရေနံ ယိုဖိတ်မှုတွေ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီလို ရေနံယိုဖိတ်မှုတွေနဲ့ ပတ်သက်ပြီး Panadura  မြို့နယ်နဲ့ Negombo မြို့တို့အကြားရှိ ကမ်းရိုးတန်း ဒေသတလျှောက်ရှိ ရေလုပ်သားတွေ၊ ဒေသခံပြည်သူတွေနဲ့ ရေကြောင်း အာဏာပိုင်တွေကို သတိထား စောင့်ကြည့်ကြဖို့ သီရိလင်္ကာ သဘာဝဘေး စီမံခန့်ခွဲရေးဌာနက သတိပေး ပြောကြားထားသလို ရေနံယိုဖိတ်မှုတွေ ကမ်းခြေကို ရောက်ရှိလာပါက လူအင်အားသုံးပြီး ရှင်းလင်းပစ်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

သီရိလင်္ကာ ရေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အာဏာပိုင်အဖွဲ့ကလည်း အဆိုပါ ရေနံယိုဖိတ်မှုတွေ ကမ်းခြေကို ရောက်မလာစေဖို့ အတွက် အစီအစဉ်တွေ လုပ်ဆောင်လျက် ရှိပါတယ်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုက ဖြစ်ပေါ်လာတဲ့ ရေနံယိုဖိတ်မှု အနည်းငယ်ဟာ Wellawatte အရပ်က ကမ်းခြေမှာ လာရောက် သောင်တင်နေတဲ့ အတွက် တာဝန်ရှိသူတွေက ရှင်းလင်းခဲ့ရပြီ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ အခုလို ရေနံယိုဖိတ်မှုမျိုးကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းကလည်း ဖြစ်ပွားခဲ့ဖူးပြီး အလျင်အမြန် ဖယ်ရှား ရှင်းလင်းနိုင်ခဲ့တဲ့အတွက် သဘာဝ ပတ်ဝန်းကျင်နဲ့ ရေနေသတ္တ၀ါတွေကို ထိခိုက်မှု မရှိခဲ့ကြောင်း သိရပါတယ်။

လကမ္ဘာကို ပထမဆုံး ခြေချသူ Neil Armstrong ကွယ်လွန်

ဟွဏ်းဘီးလ်။    ။ အမေရိကန် ပြည်ထောင်စုမှ အာကာသ ယာဉ်မှုး တစ်ဦးဖြစ်သည့် Neil Armstrong  မှာ ကမ္ဘာကြီးပေါ်မှ ပထမဆုံးသော လကမ္ဘာသို့ ခြေချခဲ့သူ ဖြစ်ပြီး ၎င်း၏ အသက် ၈၂ နှစ် အရွယ်တွင် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း မိသားစုမှ စနေနေ့က ပြောကြားခဲ့သည်။

ယခုလ အစောပိုင်းက နှလုံးခွဲစိတ်မှု ပြုခဲ့သူ Armstrong မှာ နှလုံး အစားထိုးပြီးနောက် သေဆုံးခဲ့ရခြင်းလည်း ဖြစ်သည်။

Apollo 11 အာကာသ ယာဉ်မှုးအဖြစ် တာဝန်ယူခဲ့ပြီး လွန်ခဲ့သည့် ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က လပေါ်သို့ ပထမဆုံး ခြေချနိုင်ခဲ့ကာ လူသားအားလုံးကို ကိုယ်စားပြုသည့် အောင်မြင်မှု တစ်ရပ်ကို လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။ source : news.yahoo.com

Sunday, August 26, 2012

ဆီးရီးယား လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၁ ဦးသေဆုံး

ဟွဏ်းဘီးလ်။ ။ ဆီးရီးယား နိုင်ငံရှိအစိုးရ လေတပ်မှ တိုက်ခိုက်မှုများနှင့် ဗုံးကြဲ ချမှုများကြောင့် သောကြာနေ့က နိုင်ငံအရှေ့ပိုင်း အီရတ်နယ်စပ်မျဉ်းအနီးရှိ Mayadin မြို့ တွင်အနည်းဆုံးလူ ၂၁ ဦးသေဆုံးခဲ့ရကြောင်းသိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု မှတစ်ဆင့် တော်လှန်ရေးသမားများ သိမ်းယူထားသည့်မြို့ကို အစိုးရမှပြန်လည်သိမ်း ယူနိုင်ခဲ့ကြောင်းလည်း ကြွေးကျော်ခဲ့သည်။

ယခုလို တိုက်ခိုက်မှုမှတစ်ဆင့် အစိုးရအနေဖြင့်မငြိမ်သက်မှုဖြစ်ပွားသည့် ၁၇ လတာကာလအတွင်း ပထမဆုံး အနေဖြင့် Mayadin မြို့ကို ပြန်လည်းထိန်း ချုပ်နိုင်ခြင်းပင်ဖြစ်သည်။

ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေသည့် အနေအထားသို့ရောက်နေပြီဖြစ်ပြီး ကုလသမ္မဂ္ဂစောင့်ကြည့်သူများမှာလည်း နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်ကာ ပြင်းထန်သည့်တိုက်ပွဲများလည်း ဖြစ်ပွားနေရခြင်းဖြစ်သည်။