ဟွဏ်းဘီးလ်။ ။ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကနေ ချင်းတောင်ကို တက်လာတဲ့ ကားတွေကို တီးတိန်မြို့နယ် ခိုင်ကမ်းကျေးရွာ Toll Gate လို့ခေါ်တဲ့ လမ်းတံတား အသုံးပြုခ ပေးဆောင်ရတဲ့ဂိတ်မှာ တာဝန်ကျသူတွေက မမှန်မကန် အခွန်ငွေ ကောက်ခံနေကြတာကြောင့် ချင်းပြည်နယ် ၀န်ကြီးချုပ် အနေနဲ့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တီးတိန် မြို့မိ မြို့ဖတွေက မနေ့က စာရေးသား တိုင်ကြား လိုက်တယ်လို့ သိရပါတယ်။
ကလေးမြို့ကနေ တီးတိန်မြို့ကို တက်မယ့်ကားတွေဟာ ခိုင်ကမ်းကျေးရွာကနေ ၂၂ မိုင်ဝေးတဲ့ သိုင်းငင်းကျေးရွာ အထိသာ အခွန်ပေးဆောင်ရမှာ ဖြစ်ပေမယ့် ဂိတ်တာဝန်ရှိသူတွေက မိုင်ပေါင်း ၁၄၀ ခန့်ရှိတဲ့ ခိုင်ကမ်း-သိုင်းငင်း-ဟားခါးအထိ အခွန်ပေးဆောင် ခိုင်းနေရတာကြောင့် နစ်နာနေရတာ ဖြစ်တယ်လို့ တီးတိန်မြို့က ကားပိုင်ရှင်တစ်ဦးက RFA ကိုပြောပါတယ်။
တီးတိန်ကို တက်မယ့်ကားတွေဟာ အရင်က ဆန်တစ်အိတ် တန်ဆာခ ၈၀၀ ကျပ် ပေးဆောင်ရာကနေ အခု ၁၅၀၀ ကျပ်အထိ တိုးမြင့်လာတဲ့အတွက်ကြောင့် တီးတိန်၊ တွန်းဇံ၊ ကျီခါးနဲ့ ရိဒ်ခေါဒါရ်မြို့နယ်ခွဲတွေမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ၀န်ကြီးချုပ်ထံ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဒီကိစ္စကို ချင်းပြည်နယ် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးပြီး Toll Gate ကို ကန်ထရိုက်ယူထားပြီး မတရားငွေ ကောက်ခံသူကို အရေးယူပေးဖို့ တင်ပြထားကြတာ ဖြစ်ပါတယ်။ Ref: RFA
0 comments:
Post a Comment