Tuesday, July 17, 2012

ပြည်တွင်း၌ ကနေဒါသံရုံး ဖွင့်လှစ်ရန် စီစဉ်

ဟွဏ်းဘီးလ် (MRTV4)။     ။ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ် လာတဲ့ အပြောင်းအလဲ တွေကြောင့် ကနေဒါ နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ အတွက် ပြည်တွင်းမှာ ကနေဒါ သံရုံး ဖွင့်လှစ်ဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို စီစဉ်နေမှုကို ကမ္ဘောဒီးယား နိုင်ငံမှာကျင်းပတဲ့ ASEAN ဒေသတွင်း အစည်းအဝေးနဲ့ ၀န်ကြီး အဆင့် အစည်းအဝေးမှာ ကနေဒါ နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ဘာ့ဒ်က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကနေဒါ သံရုံး ဖွင့်လှစ်မှု ပြီးသွားရင်တော့ ပြည်တွင်းမှ ကနေဒါ နိုင်ငံကို သွားရောက် ပညာ သင်ကြားလိုသူတွေ အတွက် ဗီဇာ လျှောက်ထား မှုတွေ ပိုမိုလွယ်ကူ ချောမွေ့ လာတော့မှာ ဖြစ်တယ်လို့ ပညာရေး အတိုင်ပင်ခံ တစ်ဦးက ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ မြန်မာ ကျောင်းသားတွေ အနေနဲ့ ကနေဒါ နိုင်ငံကို သွားရောက် ပညာသင်ကြား လိုတဲ့ အခါ ဗီဇာလျှောက်ထားမှု တွေကို ဘန်ကောက်သို့ သွားရောက် ဆောင်ရွက် ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ ကနေဒါ သံရုံးမရှိတဲ့ အတွက် ဘဏ္ဍာရေး ဆိုင်ရာ အချက်အလက် စစ်ဆေးမှု တွေမှာလည်း အချိန်ကြန့်ကြာ ရတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ပြည်တွင်းမှာ ကနေဒါ သံရုံး လာရောက် ဖွင့်လှစ် ရင်တော့ ကျောင်းသားတွေ အတွက် ပိုမိုလွယ်ကူ စေမယ့် အပြင် ကုန်ကျစရိတ်လည်း သက်သာ စေနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု၊ ဆက်ဆံရေးတွေ ဟာလည်း အရင်ကထက် ပိုမိုကောင်းမွန် တိုးတက်လာ စေမှာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment