Thursday, August 2, 2012

အမေရိကပြည်သူများမှ အလုပ်အကိုင် ဦးစားပေးမည့် သမ္မတ ပိုသဘောကျ

ဟွဏ်းဘီးလ် (MR)။    ။  အမေရိကန် ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ အချိန်နီးကပ်လာ တာနဲ့အမျှ နောက်တက်မယ့် သမ္မတအနေနဲ့ ဦးစားပေး လုပ်ဆောင်ပေးစေလိုတဲ့ ကိစ္စတွေကို ပြည်သူတွေအကြား စစ်တမ်း ကောက်ယူခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို စစ်တမ်းကောက်ယူမှုကို  USA Today  သတင်းစာနဲ့ Gallup သတင်းအချက်အလက် ၀က်ဘ်ဆိုက်တို့က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ရက်နေ့ကနေ ၂၂ရက်နေ့အတွင်းမှာ အမေရိကန် နိုင်ငံသား အရွယ်ရောက်ပြီးသူ ၁၀၃၀ဦးကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို စစ်တမ်း ကောက်ယူခဲ့ရာမှာ နောက်တက်မယ့် သမ္မတဦးစားပေး လုပ်ဆောင်ပေးစေလိုတဲ့ အရေးကိစ္စ ၁၂ခုကို ဦးစားပေးအဆင့် သတ်မှတ်ပေးစေခဲ့တာ ဖြစ်ပြီး အမေရိကန်နိုင်ငံသား ၉၂ ရာခိုင်နှုန်းဟာ အလုပ်အကိုင် ကောင်းတွေ ဖန်တီးပေးခြင်းကို ပထမဦးစားပေးအနေနဲ့ လုပ်ဆောင် ပေးစေလိုကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တမ်း ကောက်ယူရာမှာ ပါဝင်ခဲ့တဲ့ အမေရိကန် နိုင်ငံသားတွေရဲ့ ၈၇ရာခိုင်နှုန်းဟာ ဗဟိုအစိုးရအတွင်း အကျင့်ပျက် ခြစားမှုတွေ လျော့ ချပေးဖို့ ကို ဒုတိယ ဦးစားပေးအနေနဲ့ လုပ်ဆောင်ပေးစေလိုပြီး ဗဟိုအသုံးစရိတ် လိုငွေပြမှု လျော့ချရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ အခြားနိုင်ငံတကာရေးရာ ကိစ္စတွေကို ဖြေရှင်းဖို့တို့ကိုတော့ တတိယ ဦးစားပေးအနေနဲ့ လုပ်ဆောင်ပေးစေလိုကြောင်း သိရပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ပြန်လည်ဝင်ရောက် အရွေးခံမယ့် လက်ရှိသမ္မတ ဘားရက်အိုဘားမားကို ထောက်ခံသူတွေနဲ့ ပြိုင်ဘက် ရီပတ်ဗလစ်ကန် ပါတီမှ သမ္မတလောင်း Mitt Romney ကို ထောက်ခံသူတွေ အကြားမှာလည်း နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အဓိက အရေးကိစ္စတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်း မလဲဆိုတာကို သဘောထား ကွဲလွဲနေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် အတွင်းမှာ အလုပ်လက်မဲ့ နှုန်းထား ၈ရာခိုင်နှုန်း အထက်မှာရှိနေခဲ့တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ လာမယ့်သမ္မတ ရွေးကောက်ပွဲမှာ အလုပ်အကိုင် ဖန်တီးပေးရေးက အဓိက အရေးပါနေမှာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment