ဟွဏ်းဘီးလ် (CWM)။ ။ စက်တင်ဘာလ (၄) ရက်၊ ၂၀၁၂ ခုနှစ်တွင် ပခုက္ကူမြို့နှင့် ပေါက်မြို့အကြားရှိ ရေကြီးနေသော ကမ်းမဖြူ ချောင်းအား ဖြတ်သော- လှေတစင်းမှာ တိမ်းမှောက်သွားသဖြင့် ခရီးသည် (၁၄) ဦးခန့် ပျောက်ဆုံးလျက် ရှိကြောင်း Chin World Media မှ သိရသည်။
စက်တင်ဘာ (၄) ရက်၊ နံနက် (၁၁) နာရီခန့်တွင် လှေသည် ကမ်းမှထွက်ခွာလာပြီး လူမြင်ကွင်း (မျက်စိအဆုံး)တွင် မှောက်ခြင်းဖြစ်ပြီး၊ ကမ်းစပ်ရှိ ဒေသခံ ကမ်းမဖြူ ရွာသားများမှ အလျင်အမြန် သွားရောက် ကယ်တင်ခဲ့ရာတွင် (၂၂) ဦးအား ကယ်တင်နိုင်ခဲ့ပြီး (၁၄) ဦး ပျောက်ဆုံးလျက်ရှိ သည်ဟု သိရသည်။
ထိုသို့ ပျောက်ဆုံးနေသူများထံတွင် ချင်းလူမျိုး (၂) ဦးပါဝင်ပြီး၊ မင်းတပ်မြို့ အနောက်ရပ်ကွက်တွင် နေထိုင်ကြသော ပူးအွမ်ကား၏ သား ပူး ကားမနား (အသက်- ၅၀ နှစ်) နှင့် ဆလိုင်းမနားလိန်း (အသက်- ၂၈ နှစ်) တို့ ဖြစ်သည်ဟု လှေမှောက်ရာ နေရာသို့ ကူညီရန် သွားရောက်သော ချင်းစာပေနှင့် ယဉ်ကျေး မှုကော်မတီ (တက္ကသိုလ်များ-ပခုက္ကူ) မှ အတွင်းရေးမှူး ဆလိုင်းဘီဇကျုံးမှ Chin World Media သို့ပြော သည်။
“ ပျောက်ဆုံးနေတဲ့သူတွေကို ဒေသခံတွေနဲ့ ရဲတွေပေါင်းပြီး စက်လှေ (၃) စီးနဲ့ ရှာပေမယ့် မိန်းခလေး အလောင်း တခုနဲ့ ဆိုင်ကယ် (၅) စီးမှာ (၂) စီးပြန်တွေ့တယ်။ ဒီနေ့မှာဆိုရင် မင်းတပ်မြို့ကနေ (၁၀) ယောက် ရောက်လာပြီး သူတို့ကိုယ်တိုင် စက်လှေနဲ့လည်း ထပ်ရှာကြပါသေးတယ်။ ဘာမှ ထူးခြားတာ တော့ မရှိသေးပါဘူး။ ဒီလိုမျိုးကာလတွေမှာ ချောင်းက တအားကြီးပါတယ်.. ယောချောင်းနဲ့လည်း ပေါင်းသွားတော့ ဧရာဝတီမြစ်လောက်ကို ကြီးပါတယ်” ဟု Chin World Media သို့ ပြောသည်။
ပခုက္ကူ-ပေါက်-မင်းတပ်-မတူပီ ကားလမ်းပေါ်တွင် ရှိကာ မဖြစ်မနေ ဖြတ်သန်းသွားရသည့် ကမ်းမဖြူ ချောင်းသည် ပခုက္ကူမြို့မှ (၄၇) မိုင်ကွာဝေးကာ၊ ပေါက်မြို့မှ (၂) မိုင်အကွာတွင် ရှိသည်။
ကမ်းမဖြူ ချောင်းသည် နွေရာသီတွင် ခမ်းခြောက် တတ်လျက် မိုးရာသီတွင် ရေးကြီးတတ်သည့် ထူး ဆန်းသည့် ချောင်းတမျိုးလည်းဖြစ်သည်။ အစိုးရမှ သစ်သားတံတား ဆောက်ပေးခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ချောင်းရေကြီးသဖြင့် ကျိုးပျက်သွားကြောင်း သိရသည်။
ထိုသို့ ကျိုးပျက်သွားပြီးနောက် ယခုအချိန်အထိ ပြန်လည်ပြင်ဆင်ခြင်း မရှိပေ။ ချောင်းအား ဖြတ်ကူးရာ တွင် လှေများအား အသုံးပြုရပြီး၊ ဆိုင်ကယ်တစီးလျှင် (၂၀၀၀) ကျပ်နှုန်းဖြင့် ပေးဆောင်ရကြောင်း သိရ သည်။
ထိုသို့ချောင်းရေကြီးခြင်းကြောင့် ပေါက်၊ ကျောက်ထု၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် နှင့်ဆောမြို့များသို့ ကူးသန်းသွားလာရန် ခက်ခဲလျက်ရှိသည်ဟု သိရသည်။
0 comments:
Post a Comment