ဟွဏ်းဘီးလ် ။ ။ တတိယမြောက် ချင်းအမျိုးသားတပ်ဦး၏ ဆက်ဆံရေးရုံးတစ်ခုဖြစ်မည့် တီးတိန်မြို့ရုံးအား စက်တင်ဘာ (၂၅) ရက်နေ့တွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ကလေးမြို့Chin World အဖွဲ့မှ စုံစမ်းသိရှိရပါသည်။
ရုံးဖွင့်မည့်ကိစ္စအား လက်ထောက် အထွေထွေအတွင်း ရေးမှူး (၃) Pu Khua Uk Lian မှ ခေါင်းဆောင်မည် ဖြစ်ပြီး ချင်းအမျိုးသား တပ်ဦးဘက်မှ Col. Solomon, Pu Zam Suan Dal, Pu Bawi Sum, Pu Kung Ling, Pu Hau Kang, Pu Go Khen Nang, Pu GS Mang, Pu Thang Khen Kap, Pu Mang Suan Tuang နှင့် Pi Cing Khan Dim တို့ပါဝင်မည်ဖြစ်ကာ အစိုးရအဖွဲ့ ကိုယ်စားလှယ် အချို့နှင့်ပူးပေါင်းမည်ဖြစ်ကြောင်း ခိုင်လုံသောသတင်း ရပ်ကွက် မှ အမည်မဖော်လိုသူ တစ်ဦးထံမှ ဆက်လက်စုံစမ်းသိရှိရပါသည်။
ချင်းအမျိုးသားတပ်ဦးသည် ဦးသိန်းစိန်အစိုးရနှင့် ဇန်န၀ါရီလ (၆) ရက်နေ့တွင် ဟားခါးမြို့၌ ငြိမ်းချမ်း ရေးတွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ အချက် (၁၅) ချက်ပါ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့သည်။ ထိုအထဲတွင် ထန်တလန်၊ မတူပီနှင့် တီးတိန်မြို့များတွင် ချင်းအမျိုးသားတပ်ဦး၏ ဆက်ဆံရေးရုံများ ဖွင့်လှစ်ရေးသည်လည်း တခုအပါအ၀င် ဖြစ်သည်။
ထိုသို့ သဘောတူညီချက်အရ- မတူပီမြို့တွင် ဇွန်လ (၂၃) ရက်နှင့် ထန်တလန်မြို့တွင် ဇွန်လ (၂၉) နေ့များ၌ CNF ၏ ဆက်ဆံရေးရုံးများအား ဖွင့်လှစ်နိုင်ခဲ့သည်။
တီးတိန်မြို့တွင်မူ တီးတိန်ဒေသခံ လက်မှတ် (၇၀၀၀၀) ကျော်ဖြင့် တီးတိန်မြို့တွင် ချင်းအမျိုးသားတပ်ဦး ဆက် ဆံရေးရုံးဖွင့်လှစ်ခြင်း ကန့်ကွက်မှုအား သမ္မတ ဦးသိန်းစိန်ထံသို့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ပေး ပို့ခဲ့သည်။ ထို့ပြင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) မှ လည်း သမ္မတ ဦးသိန်းစိန်နှင့် သြဂုတ်လ (၄) ရက်နေ့ တွေ့ဆုံမှုတွင်လည်း ထပ်မံတင်ပြခဲ့သည်။

ချင်းအမျိုးသားတပ်ဦး၏ ဦးသိန်းစိန်အစိုးရနှင့် ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး တွေ့ဆုံပွဲအား အောက်တိုဘာလအတွင်းတွင် ပြုလုပ်သွားဖွယ်ရှိသည်ဟု Khonumthung သတင်းတွင် ဖော်ပြခဲ့သည်။ Ref: CWM
0 comments:
Post a Comment