Wednesday, October 24, 2012

ကလေးမြို့ ရေနံလုပ်သားများ ဆန္ဒပြမည့် အစီအစဉ်ပျက်

ဟွဏ်းဘီးလ်(မင်းရဲစစ်နိုင်)။        ။ အောက်တိုဘာ ၁၀ရက်နေ့တွင် ကလေးမြို့နတ်မြောင်းကျေး ရွာမြစ်သာမြင်းတစ်ဖက်ကမ်း၌ ကလေးမြို့ (၈၈) အင်အားစု၊ အထက်ချင်းတွင်းဒေသလူငယ်များ အဖွဲ့(ယာယီ)နှင့် ကလေးတောင်ပိုင်းရှိ သဒွတ်ချောက်၊ ရွှေပြည်သာ၊ ရေနံချောင်း၊ ကျောက်ခွက်၊ ဘိုင်းဘင်၊ ကြိမ်ချောင်း စသည့်ရေနံမှော်များမှ ရေနံလုပ်သားတို့ တွေ့ဆုံခဲ့ကြပါသည်။

ထိုတွေ့ဆုံမှုတွင် ရေနံလုပ်သားများမှ ချယ်ရီရိုးမကုမ္ပဏီမှ မတရားဥပဒေမဲ့ အနိုင်အထက်ပြုမှုများကို ရင်ဖွင့်ခဲ့ကြပြီး ချယ်ရီရိုးမကုမ္ပဏီအား ငြိမ်းချမ်းစွာစုဝေးလှည့်လည် ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့ကြပါသည်။ သို့သော် ရေနံလုပ်သားများ၏ ဆန္ဒဖော်ထုတ်ခွင့် ခွင့်ပြုချက်အား မြို့နယ်ရဲမှူးမှ အကြောင်းရင်း(၃)ချက်ပြကာ ငြင်းပယ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ငြင်းပယ်ခြင်းအကြောင်း(၃)ချက်မှာ-
(က) ရေနံတူးဖော်သော လုပ်သားများနှင့် ချယ်ရီရိုးမ ကုမ္ပဏီတို့၏ ပုဂ္ဂလိကဖြစ်စဉ်များဖြစ်ခြင်း။
(ခ) နစ်နာမှုများရှိပါက တရားဥပဒေ နှင့်အညီ တရားစွဲဆိုနိုင်သည့် အခွင့်အရေးရှိခြင်း။
(ဂ) နိုင်ငံတော် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်ပျက်ပြားစေနိုင်ပြီး နောင်တွင် မလိုလားအပ်သော ဖြစ်စဉ်များဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင်း နောက်ဖြစ်ပြီး မကျေနပ်ပါက ရေနံလုပ်သားများအနေဖြင့် စီတန်းခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၉) အရအယူခံ ၀င်နိုင်ကြောင်းကိုပါ အသိပေးခဲ့ပါသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူးတို့ ပါဝင်သော အဖွဲ့သည် စီတန်းလှည့်လည် ဆန္ဒပြခွင့်ကို ပိတ်ပင်ခဲ့သော်လည်း ရေနံလုပ်သားများ ဆန္ဒပြမည့် အာက်တိုဘာ  ၂၃ရက်နေ့တွင် ရေနံလုပ်သားများ၏ တင်ပြတောင်းဆိုမှုများကို ချယ်ရီရိုးမကုမ္ပဏီ ယာယီတာဝန်ခံ ဦးစိုင်းခမ်းလှိုင်နှင့် မီဒီယာသတင်းထောက်များရှေ့တွင် ညှိနှိုင်းပေးခဲ့ကြပြီး တာဝန်ခံ ဦးစိုင်းခမ်းလှိုင်အနေဖြင့် လက်ရှိသူ၏ အနေအထားအရ ဘာမှဆုံးဖြတ်ပေးနိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပြီးချယ်ရီရိုးမကုမ္ပဏီ၏ ဆုံးဖြတ်ပေးနိုင်သူနှင့် အောက်တိုဘာ၂၇ရက်နေ့တွင် ပြန်လည် တွေ့ဆုံပေးမည်ဖြစ်ကြောင်း ခရိုင်အုပ် ချုပ်ရေးမှူးမှ တာဝန်ယူပြောကြားခဲ့ပြီး ချယ်ရီရိုးမကုမ္ပဏီ ဆုံးဖြတ်နိုင်သူနှင့် ရေနံလုပ်သားထု မတွေ့ဆုံသေးမီကာလတွင်လည်း ရေနံဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ရေနံသယ်ရာတွင် အသုံးပြုသောပလပ်စတစ် ပုံးများအား ဓားဖြင့်ထိုးဖောက်ဖျက်စီး ခြင်း မလုပ်စေရေး တာဝန်ယူကြောင်းလည်း တာဝန်ခံ ဦးစိုင်းခမ်းလှိုင်မှ ၀န်ခံကတိပေးခဲ့ပါသည်။

ရေနံ လုပ်သားများသည် အဆိုပါပွဲတွင် အချက်(၁၀)ချက်ပါ တောင်းဆိုမှု များကို အဓိကထား တောင်းဆို ခဲ့ကြပါသည်။ ထိုရေနံလုပ်သားတို့၏ တောင်းဆိုချက်(၁၀)ချက်မှာ-
၁။ မတရားဖမ်းဆီး ရိုက်နှက်မှု ရပ်တန်ပါ။
၂။ ရေနံစိမ်းဝယ်ယူရာတွင် လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်ယူနိုင်ခြင်းမရှိပါက လွတ်လပ်စွာ ရောင်းချခွင့်ပြုရန်။
၃။ ကုမ္ပဏီပိုင် မြေဧရိယာအား အများပြည်သူသိရှိစေရန်ကုမ္ပဏီမှ ဖော်ပြပေးရန်။
၎။ ချယ်ရီရိုးမကုမ္ပဏီမှ ဖွဲ့စည်းထားသော တရားမ၀င်ဖမ်းဆီးရေးအဖွဲ့ဝင်များအား ဥပဒေနှင့်အရေး ယူပေးပြီး ဖျက်သိမ်းပေးရန်။
၅။ ရေနံမြေလုပ်သားထုအား စာနာရန်။
၆။ ရေနံမှော် စမ်းသပ်ရှာဖွေရာတွင် ကုမ္ပဏီမှ ပြည့်စုံစွာပံ့ပိုးခြင်း
မရှိပါက လွတ်လပ်စွာရောင်းချခွင့် ပြုပေးရန်။
၇။ ရေနံမှော်သစ်စမ်းသပ်ရှာဖွေ အောင်မြင်သူကို ခံစားပိုင်ခွင့် အပြည့်အ၀ပေးရန်။
၈။ ဒေသဖွံ့ဖြိုးမှုအား ချယ်ရီရိုးမ ကုမ္ပဏီမှ ကူညီပေးရန်။
၉။ ရေနံစိမ်း တစ်ပေပါလျှင် မှန်ကန်တိကျသော ဂါလန် (၅၀) ဖြင့် သတ်မှတ်ပေးရန်။
၁၀။ ရေနံစိမ်းတစ်ပေပါလျှင် ဒေသန္တရချောဆီဈေး၏ ၇၅ ရာခိုင်နှုန်းဖြင့် ၀ယ်ယူရန်တို့ဖြစ်ကြောင်း သိရပါသည်။

0 comments:

Post a Comment