ဟွဏ်းဘီးလ်။ ။ စစ်ကိုင်းတိုင်း ဒေသကြီး တမူးခရိုင် တမူးမြို့ရှိ ဆိုဖီယာ မိဘမဲ့ဂေဟာတွင် လမ်းပေါ်တောင်းရမ်း စားသောက်နေသော တိုင်းရင်းသား မိဘမဲ့ ကလေး အယောက် ၁ဝဝ ထိ လက်ခံ သွားမည်ဖြစ်ကြောင်း ဆိုဖီယာ မိဘမဲ့ဂေဟာ တည်ထောင် ထားသူ ဂေဟာမှူး ဦးထွန်း က The Voice Weekly သို့ပြောကြားသည်။
အဆိုပါ ဂေဟာကို လမ်းပေါ်တွင် မိဘမရှိဘဲ တောင်းရမ်း စားသောက်နေသူ ကလေး ၄ ယောက်ဖြင့် လွန်ခဲ့သည့် ၁ဝနှစ်က ဂေဟာကို စတင် တည်ထောင်ခဲ့ပြီး လက်ရှိ အချိန်တွင် မိဘမဲ့ ကလေးငယ် ၅၃ ဦးရှိကြောင်း အယောက်၁ဝဝ ပြည့်သည့် အထိလက်ခံ သွားမည်ဖြစ်ကြောင်း အဆိုပါ ဂေဟာတွင် အသက် ၇နှစ်မှ ၁၉နှစ် ဝန်းကျင် ရှိသည့် ချင်း၊ ဗမာ၊ နာဂ တိုင်းရင်းသားများနှင့် အိန္ဒိယနိုင်ငံ ဘက်မှာ အိန္ဒိယနွယ်ဖွား မိဘမဲ့ ကလေးငယ်များလည်း ရှိကြောင်း ၄င်းက ရှင်းပြသည်။ "ဆွေမျိုးသားချင်း မရှိတာတို့ ဆွေမျိုးတွေက ဆင်းရဲပြီး အခက်အခဲဖြစ်ရင် လက်ခံပေးပါတယ်" ဟု ၄င်းကရှင်းပြသည်။
အဆိုပါ ဆိုဖီယာ မိဘမဲ့ဂေဟာ ကို ပုဂလိက လုပ်ငန်း အနေဖြင့် ၂ဝဝ၃ခုနှစ် ၄လပိုင်း ၁ ရက်နေ့ စဖွင့် ခဲ့သည်။ အဆိုပါ ဂေဟာ အတွင်းတွင် ပန်း စိုက်ခြင်း၊ ပလော်ပီနန် စိုက်ခင်းများရှိပြီး ကလေးငယ်များ အတွက် ပြန်လည် ချက်ပြုတ် စားသောက်ကြသည်။ စေတနာဝန်ထမ်း ၃ ဦးခန့်ထားကာ လုပ်ငန်း များ ဆောင်ရွက်နေပြီး ကလေးငယ် ၅၃ ဦး၏ စားဝတ်နေရေး အတွက် တစ်လလျှင် ငွေကျပ် ၆ သိန်းခန့် ကုန်ကျကာ ကလေးများ အနာဂါတ် အသက်မွေး ဝမ်းကြောင်း လုပ်ငန်းများ ဖန်တီးပေးရန် ငါးကန်၊ ကြက်ခြံ နှင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် လယ်၁၅ ဧက ဝယ် ထားကြောင်း ယင်းဂေဟာထံမှ စုံစမ်း သိရှိရသည်။
အဆိုပါဂေဟာသို့ ဆက်သွယ် လှူဒါန်း လိုလျှင် ဝ၉၄၉၅၈၅၃၈၅ သို့ ဆက်သွယ် မေးမြန်းနိုင်သည်။ Ref:The Voice Weekly
0 comments:
Post a Comment