30 May 2012| By ကလျာအိအိလွင်
Twitter မှာ အခြားလူမှုကွန်ရက်တွေလို သတင်းတွေ လွှင့်တင်ဝေမျှနိုင်တဲ့ ဝန်ဆောင်မှုပါပေးထားပါတယ်။ တစ်ဦးနဲ့တစ်ဦး ဝေမျှချင်တဲ့သတင်း အချက်အလက်၊ စိတ်ခံစားမှု၊ ဆွေးနွေးချက် စတာတွေကို Tweet လို့ ခေါ်ပါတယ်။ Twitter ရဲ့အဓိက အစိတ်အပိုင်းကတော့ Tweet လို့ခေါ်တဲ့ အသုံးပြုသူတွေတင်လိုက်တဲ့ Post တွေဖြစ်ပါတယ်။ Twitter Social Network မှာ အသုံးပြုသူတွေ တစ်ဦးနဲ့တစ်ဦး ဝေမျှကြတဲ့ Post တွေကို Tweet လို့ခေါ်ပြီး မိမိဘယ်နှစ်ခါ Post တင်လိုက်တယ် ဆိုတာကို 1 Tweet, 2 Tweets စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်ထားပါတယ်။ Tweet တစ်ခုစီမှာ စာလုံးရေ ၁၄၀ ထိရေးနိုင်ပါတယ်။
Tweet တစ်ခုချင်းစီကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားခြင်းအားဖြင့် သတင်း အပိုအဆောင်းတွေ ထပ်တိုးရနိုင်သလို ပိုမိုနက်ရှိုင်းတဲ့ အကြောင်းအရာတွေကိုပါ မိမိဆီရောက်လာမှာ ဖြစ်ပါတယ်။ ကျန်တဲ့ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အခြားမီဒီယာတွေကို တင်လိုက်ရင်တော့ Details Pane (Timeline Home Page ရဲ့ဘေးမှာပေါ်တဲ့ အသေးစိတ် အချက်အလက်ပြအကွက်)မှာ သီးသန့်ဖော်ပြပေးမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှာ အခြေစိုက်တည်ထောင်ထားတဲ့ အိုင်တီကုမ္ပဏီကြီး (Twitter Inc.) က twitter.com ကို ဖန်တီးခဲ့တာပါ။ twitter.com ကို ၂၀ဝ၆ ခုနှစ် မတ်လမှာဂျက်ဒေါဆေက စတင်ဖန်တီးခဲ့ပြီး ၂၀ဝ၆ ခုနှစ် ဇူလိုင် ၁၅ မှာ တရားဝင်ထုတ်လွှင့်ခဲ့ပါတယ်။
စတင်လွှင့်တာနဲ့ Twitter ကို အသုံးပြုသူ အရေအတွက်ဟာ လျင်မြန်စွာတိုးတက်ခဲ့ပြီး ယနေ့အခါမှာတော့ တစ်နေ့တစ်နေ့ကို Twitter အရေအတွက်ပေါင်း သန်းနှစ်ရာကျော်နဲ့ Twitter Search Engine ကို အသုံးပြုရှာဖွေမှုပေါင်း ၁ .၆ ဘီလျံကျော်ရှိနေပါပြီ။
အသုံးပြုသူတွေနဲ့ သုတေသနပညာရှင်တွေ အဆိုအရ Twitter က စီးပွားရေးဈေးကွက်အတွက် မဟာဗျူဟာစီမံချမှတ်ဖို့သင့်တော်ပြီး Facebook ကတော့ ပုဂ္ဂလိကဆိုင်ရာ အချက်အလက်တွေဝေမျှတဲ့အခါ ပိုကောင်း တယ်လို့ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် အဆိုပါလူမှုကွန်ရက်နှစ်ခုစလုံးမှာ သူ့ရည်ရွယ်ချက်နဲ့ သူရှိကြပါတယ်လို့ စာရေးသူကဆိုပါတယ်။ အွန် လိုင်းလူမှုကွန်ရက်နဲ့ Micro blogging ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Twitter အသုံးပြုနည်း လမ်းညွှန်စာအုပ်အဖြစ် လောကသရဖူစာအုပ်တိုက်မှ တန်ဖိုး - ၁,၅၀ဝ ကျပ်နဲ့ ဖြန့်ချိပါတယ်။
0 comments:
Post a Comment