ဟွဏ်းဘီးလ် (7Day ) ။ ။ အထက်တန်းတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် သင်ယူသူမရှိ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ အထက်တန်းအဆင့် ကျောင်းသားများသည် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကို ရွေးချယ်သင်ယူ သူလုံးဝမရှိကြောင်း၊ ပထ၀ီဝင်နှင့် သမိုင်းဘာသာကို ရွေးချယ်သင်ယူသူ အလွန်နည်းပါးနေကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အခြေခံပညာကဏ္ဍ အစီရင်ခံစာတွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။
အထက်တန်းအဆင့် ကျောင်းသားများအား ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှ စတင်၍ ဘာသာတွဲ (၈)ခုမှ နှစ်သက်ရာဘာသာတွဲတစ်ခုအား ရွေးချယ်သင်ယူစေခဲ့ရာ ကျောင်းသားများက သိပ္ပံဘာသာရပ်များ ပါဝင်သည့်ဘာသာတွဲများကိုသာ ရွေးချယ်သင်ယူနေကြခြင်းဖြစ်သည်။
သိပ္ပံဘာသာရပ် နှစ်ခု(သို့မဟုတ်) သုံးခုပါဝင်သည့် ဘာသာတွဲများကို ရွေးချယ်သင်ယူသော ပမာဏမှာ န၀မတန်းတွင် ၉၅ ဒသမ ၃၇ ရာခိုင်နှုန်း၊ ဒသမတန်းတွင် ၉၄ ဒသမ ၂၄ ရာခိုင်နှုန်းရှိပြီး ၀ိဇ္ဇာဘာသာတွဲသက်သက် ရွေးချယ်သင်ယူသော ပမာဏမှာ န၀မတန်းတွင် ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ဒသမတန်းတွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
“ဟိုးအရင်တုန်းက အထက်တန်းမှာ သမိုင်းယူတဲ့ သူတွေကိုပဲ တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ယူခွင့်ပေးတယ်။ သမိုင်းဌာနက လူတွေက ဘာပြောလဲဆိုရင် ဆယ်တန်းမှာ သမိုင်းယူတဲ့သူ အလွန်နည်းတယ်တဲ့။ အဲဒီတော့ သူတို့မှာပညာရှင်မရဘူးလို့ ပြောတယ်။ အဲဒါကြောင့် သုံးနှစ်ရှိပြီ ဆယ်တန်းတုန်းက ဘယ်ဘာသာနဲ့မဆို အောင်တဲ့သူတွေ သမိုင်းမေဂျာယူလို့ရတယ်ဆိုပြီး လုပ်ထားပါတယ်။ ပထ၀ီကတော်သေးတယ်။ စိတ်ကြိုက်မြန်မာစာနဲ့ သမိုင်းသင်တဲ့သူက တော်တော်နည်းနေတယ်”ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ အထက်တန်းအဆင့် န၀မတန်းနှင့် ဒသမတန်း ကျောင်းသား၊ ကျောင်းသူများ၏ဘာသာတွဲအလိုက် ရွေးချယ်သင်ယူမှုကို စိစစ်လေ့လာရာတွင် စိတ်ကြိုက်မြန်မာစာပါဝင်သော ဘာသာတွဲအမှတ်(၃)၊ (၄)နှင့် (၆) တို့ကို ရွေးချယ်သင်ယူသူမရှိကြောင်းနှင့် ၀ိဇ္ဇာတွဲ ဖြစ်သောဘာသာတွဲအမှတ်(၅)နှင့် ပထ၀ီဝင်နှင့်သိပ္ပံ ဘာသာရပ်နှစ်ခုပါဝင်သော ဘာသာတွဲအမှတ်(၈) တို့တွင် သင်ယူသူအလွန်နည်းပါးကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးနောက် တက္ကသိုလ်သင်တန်းများသို့ ဆက်လက်တက်ရောက်သင်ယူရာတွင် သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူအများစုမှာ ၀ိဇ္ဇာဘာသာရပ်အထူးပြုဖြင့်ပြောင်းလဲသင်ယူလျက်ရှိသဖြင့် ၀ိဇ္ဇာဘာသာရပ်သင်ယူသူ အရေအတွက် တိုးတက်လာရေးအတွက် ကျောင်းအဆင့် ဆွေးနွေးညွှန်ပြရေးအဖွဲ့များက ဆွေးနွေးညွှန်ပြပေးကြရန် လမ်းညွှန်ထားသည်။ ၎င်းပညာသင်နှစ်တွင် န၀မတန်း ကျောင်းသား သုံးသိန်းခြောက်သောင်းကျော်နှင့် ဒသမတန်းကျောင်းသားသုံးသိန်းကျော်တက်ရောက် ပညာသင်ယူခဲ့ကြပြီး ဆရာနှင့် တပည့်အချိုးမှာ ၁း ၂၅ ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
0 comments:
Post a Comment