Friday, August 17, 2012

ချင်းအက်ဥပဒေ ပြန်လည်ပြင်ဆင်မှုပြုလုပ်ရန် ဆွေးနွေး

ဟွဏ်းဘီးလ် ။    ။ ချင်းအက်ဥပဒေအား ပြန်လည်ပြင်ဆင်မှု မူကြမ်းဆွေးနွေးခြင်းကို ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၂၅ မှ ၂၆ ရက်နေ့အထိ ချင်းပြည်နယ်၊ ပြည်ထောင်စု ရိပ်သာတွင် နှစ်ရက်တိုင်တိုင် ပြုလုပ် ခဲ့ပါသည်။ အဆိုပါမူကြမ်း ဆွေးနွေးခြင်း အစီအစဉ်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ကိုယ်စားလှယ် တ.စ.ည ပါတီ ဥက္ကဌ (ငြိမ်း) ဦးလှဝင်း၊ အတွင်းရေးမှူး (ငြိမ်း) ဦးအောင်ကြီး နှင့် ဦးဝှေ့ပ တို့ (၃) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် ၁၉၄၈ ခုနှစ်က ရေးဆွဲခဲ့သော ချင်းအက်ဥပဒေနှင့် ပတ်သက်၍ ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရန်လိုအပ်သော အချက်များကို ပထမမူကြမ်းအဆင့် ရေးဆွဲရန် ပထမအကြိမ်တွေ့ဆုံခြင်းဖြစ် ကြောင်း သိရှိရပါသည်။

အသေးစိတ်အချက်အလက်အား ၄င်းဆွေးနွေးပွဲ၌ တက်ရောက်သော ဦးလှဝင်းအားမေးမြန်းရာ “ ကျွန်တော်တို့ အခု ပြန်လည်ပြင်ဆင်မှုပြုလုပ်ဖို့ ဆွေးနွေးတဲ့အချက်တွေထဲမှာ ဥပမာ – ကျွန်တော်တို့ချင်းပြည်နယ်မှာ လူသတ် မှုတစ်ခုကျူးလွန်ရင် သူအစား တစ်စုံတစ်ယောက်ကို လက်စားချေပြန်သတ်တဲ့အရာကို ပြင်ဆင်သင့်၊ မပြင်ဆင် သင့်၊ နောက်ပြီးတော့ အိမ်ထောင်စုတစ်ခုမှာ သား/သမီး ဘယ်နှစ်ယောက်ရှိရင် ဘယ်သူက ဘယ်လောက်ထိ အမွေပိုင်ဆိုင်ခွင့် ရှိသင့်/မရှိသင့်၊ တကယ်လို့ သားမရှိရင် သမီးအကြီးဆုံးအနေနဲ့ ဘယ်လိုပိုင်ဆိုင်ခွင့် ရှိသင့်/ မရှိသင့်ဆိုတဲ့ အချက်တွေရယ်။ တကယ်လို့ အကြင်လင်မယားနှစ်ယောက်မှာ သား/သမီးထွန်းကားခြင်း မရှိခဲ့ ရင် သူတို့ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို ဘယ်သူ့ဆီကို ဘယ်လိုလွဲပြောင်းသင့်/မသင့်၊ နောက်ပြီးတော့ လူသတ်မှုတစ်ခုကျူးလွန်ရင် အဲဒါကို ဥပဒေအရ တရားစီရင်ဖို့ မည်သို့ပင် သတ်မှတ်ထားစေကာမူ မိမိ၏ဓလေ့ထုံးတမ်းအစဉ်အလာအရ ဖြေရှင်းပိုင်ခွင့်ရှိသည် ဆိုတာကို ယနေ့ ကျင့်သုံးသင့်/ မသုံးသင့် ဆိုတာတွေပါတယ်။ နောက်ပြီးတော့ အခု ဒီချင်းအက်ဥပဒေဟာ ချင်းလူမျိုးအပြင် ချင်းပြည်နယ် အတွင်းမှာ အိုးအိမ်တကျနေထိုင်တဲ့ အခြားလူမျိုးတွေအတွက်လည်း အကျုံးဝင်မှုရှိသင့်/ မရှိသင့်၊ အဲဒါတွေက အဓိကပါဘဲ။ အခုဒီလိုအချက်တွေကိုပလက်ဝကိုရောက်တဲ့အခါ ဒေသခံတွေနဲ့ ဆွေးနွေးပြီးမြောက်တယ်
ဆိုရင် ဒါတွေကို နောက်တကြိမ် အသေးစိတ်ဆွေးနွေးတဲ့အခါမှာ တင်ပြသွားမှာဖြစ်ပါတယ်။” ဟုဖြေ ကြားပေးသွားခဲ့ပါသည်။

ထို့ပြင် ယနေ့အချိန်အခါ သတိုးသမီးတင်တောင်းခ မြင့်မားလွန်းခြင်းနှင့်ပတ်သက်၍ ဆက်လက်မေးမြန်းရာ ဦးလှဝင်းက “ ဒီဟာကိုလည်း အတိုင်းအတာတစ်ခုအထိ သတ်မှတ်တောင်းဆိုမှုထားရှိဖို့ဆိုပြီး ထည့်သွင်းဆွေး နွေးတာရှိပါတယ်။ အများဆုံးက ဘယ်လောက်၊ အနည်းဆုံးက ဘယ်လောက်ဆိုပြီး စံသတ်မှတ်မှု ပြုသင့်/ မပြုသင့်၊ ဒါကိုတော့ ကျွန်တော်တို့ ပလက်ဝမြို့နယ်က ခူမီးလူမျိုးတစ်စုက ပြုပြင်ပြောင်းလဲမှုလုပ်ချင်တယ်ဆိုရုံနဲ့ မရသေးဘူး၊ တင်တောင်းခတောင်းတဲ့သူနဲ့ မတောင်းတဲ့သူတွေရှိတယ်။ ဥပမာ – မရာချင်းလူငယ်တစ်ယောက် မိန်းမယူမယ် ဆိုရင် မိဘတွေဘက်က ဘယ်လိုယူရတယ်၊ ကျွန်တော်တို့ ခူမီးချင်းလူမျိုးတွေကျ ဘယ်လိုပေးရတယ် ဆိုတာတွေ ရှိပါတယ်။ ဒါတွေက ဥပဒေတွေဖြစ်တဲ့အတွက် နည်းနည်းတော့ခက်ပါတယ်။ National Rules ဖြစ်တဲ့အတွက် တကြိမ်တခါဆွေးနွေးရုံနဲ့ မပြီးနိုင်လောက်ပါဘူး။ “ ဟု ဖြေကြားပေးခဲ့ပါသည်။

အထက်ပါအချက်များအပြင် အခြားအချက်များအား ယခုတက်ရောက်ကြသော ကိုယ်စားလှယ်များအဖွဲ့သည် ပလက်ဝမြို့တွင် ပြန်လည်ရောက်ရှိသောအခါ အကြံဥာဏ်ပေး၊ ဆွေးနွေးနိုင်သော ဒေသခံလူကြီးအချို့အား ဖိတ်ခေါ်၍ အသေးစိတ် အချက်အလက်တွေကို ပြန်လည်ဆွေးနွေးသွားကာ စာတမ်းတစ်ခုပြုစုသွားမည် ဖြစ်ပါသည်။ ထို့နောက် ၄င်းစာတမ်းအား စက်တင်ဘာလ (၂၅-၂၆) တွင် ကျင်းပပြုလုပ်သွားမည့် ဒုတိယအကြိမ် ချင်းပြည်နယ် (၉) မြို့နယ်မှ ကိုယ်စားလှယ်များစုံညီတက်ရောက်သော ဆွေးနွေးပွဲတွင် တင်သွင်း ဆွေးနွေးသွားမည်ဖြစ်သည်။ ၄င်းတွေ့ဆုံ ဆွေးနွေးပွဲတွင် ချင်းပြည်နယ် ဥပဒေရေးရာ ဆပ်ကော်မတီနှင့် ဆွေးနွေးကာ အဆိုပါ စာတမ်းအား ချင်းပြည်နယ် ဥပဒေချုပ်ရုံးတွင် တင်သွင်းသွားမည်ဖြစ်သည်။ ချင်းပြည်နယ် ဥပဒေချုပ်ရုံးမှ အတည်ပြုပြီးပါက သူတို့၏ ထောက်ခံချက်ဖြင့် လွတ်တော်ဥပဒေရေးရာဆပ်ကောင်မတီတွင် တင်သွင်းကာ လွတ်တော်တွင် ဆွေးနွေး၊ ဆုံးဖြတ်သွားမည်ဖြစ်သည်။ နောက်ဆုံး လွတ်တော်မှ အတည်ပြုပြီးပါက ချင်းပြည်နယ် ဘုတ်အဖွဲ့မှ ဥပဒေ တရပ် ချမှတ်သွားမည်ဖြစ်သည်ဟု ဦးလှဝင်း၏ ပြောကြားချက်အရ သိရှိရပါသည်။ Ref: CWM

0 comments:

Post a Comment